တစ်ကမ္ဘာလုံး မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်တဲ့ အိမ်ဖြူတော် စကားလုံး တိုက်ပွဲတွေ အပြီးမှာ အနောက်မဟာမိတ် နိုင်ငံ အများအပြားဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဖက်က အခိုင်အမာ ရပ်တည် ထောက်ခံခဲ့ကြပါတယ်။
ဒါဟာ ဇီလန်စကီးနဲ့ မီဒီယာတွေ ရှေ့မှောက်မှာ ခွန်းကြီးခွန်းငယ် စကားများခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဥရောပ မဟာမိတ်တွေနဲ့ ဆက်ဆံရေးပါ စတင် ခါးသီးနေပြီ ဆိုတာကို မြင်သာစေခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အိမ်ဖြူတော်မှာ ဇီလန်စကီးနဲ့ ထရမ့်တို့ဟာ ယူကရိန်းရဲ့ သတ္တုရိုင်း ရင်းမြစ်တွေကို အမေရိကန် ခွဲဝေ တူးယူခွင့်ပြုရေး သဘောတူညီမှု စာချုပ် လက်မှတ် ရေးထိုးကြဖို့ တွေ့ဆုံ ဆွေးနွေးရာက စကားထများခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ယူကရိန်း စစ်ပွဲကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ ရနိုင်တယ်လို့ ဝင်ပြောတာကို ဇီလန်စကီးက အဲဒီကိစ္စ အလုပ်မဖြစ်ကြောင်း စစ်ပွဲ မစခင် သုံးနှစ်တုန်းက ရုရှား-ယူကရိန်း အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ဖူးတာကို ထောက်ပြရာက ပြဿနာ တက်ကုန်ကြတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ထဲမှာ သတင်းထောက်တွေကို ငုတ်တုပ်ထားပြီး ဇီလန်စကီးနဲ့ ထရမ့်တို့ စကားများနေကြတဲ့ ကိစ္စဟာ တစ်ကမ္ဘာလုံးကို အံ့ဩသွားစေခဲ့ပြီး ချက်ချင်းပဲ နိုင်ငံတကာ ခေါင်းကြီးပိုင်းသတင်း ဖြစ်လာပါတော့တယ်။

Public Service Announcement
ထရမ့်နဲ့ ဇီလန်စကီး မတွေ့ခင် တစ်ရက်ကမှ အိမ်ဖြူတော်မှာ ထရမ့်ကို သွားရောက် တွေ့ဆုံထားခဲ့သူ ဗြိတိန် ဝန်ကြီးချုပ် ကီရာ စတာမာဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အော်ကြီးဟစ်ကျယ် စကားများခဲ့တဲ့ ကိစ္စအပြီး သူတို့နှစ်ဦးစလုံးနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ရုံးက အတည်ပြုခဲ့ပါတယ်။
ဇီလန်စကီးနဲ့ စကားပြောရာမှာ စတာမာက ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ ရပ်တည်မယ့် ဆုံးဖြတ်ချက်ကို ထပ်လောင်း အသိပေးခဲ့သလို ယူကရိန်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ လုံခြုံရေးတွေကို အမှန်တကယ် အာမခံချက် ပေးနိုင်မယ့်၊ အဓွန့်ရှည်မယ့် ငြိမ်းချမ်းရေးမျိုးကို လိုလားတယ်ဆိုတာ ပြောဆိုခဲ့ကြောင်း ဗြိတိန် အစိုးရက ထုတ်ပြန်ပါတယ်။
ထရမ့်ရဲ့ အမာခံ မဟာမိတ် တစ်ဦးလို့ သတ်မှတ်နိုင်တဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကတော့ အမေရိကန်နဲ့ ဥရောပကြား ထိပ်သီး ဆွေးနွေးပွဲတစ်ခု ကျင်းပပြီး ယူကရိန်း ပြဿနာကို အဖြေရှာသင့်ကြောင်း၊ သွေးကွဲမှုတွေဟာ အနောက်မဟာမိတ် နိုင်ငံတွေကို အားယုတ်သွားစေတာပဲ အဖတ်တင်မှာဖြစ်ကြောင်း ပြောပါတယ်။
ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကာဂျာကားလက်စ်က လွတ်လပ်တဲ့ ကမ္ဘာကြီးအတွက် ခေါင်းဆောင်အသစ် လိုနေပြီ ဆိုတာ ထင်ရှားလာကြောင်း မှတ်ချက်ပေးခဲ့သလို ဥရောပ သမဂ္ဂ အဖွဲ့ဝင် ခေါင်းဆောင်တွေရဲ့ ပူးတွဲ ကြေညာချက် တစ်ခုထဲမှာတော့ ဇီလန်စကီးကို အားတင်းထားဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇီလန်စကီးဟာ ထရမ့်နဲ့ အကြီးအကျယ် ကတောက်ကဆ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာတို့နဲ့လည်း ဆက်သွယ် စကားပြောခဲ့တယ်လို့ ယူကရိန်း အစိုးရ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မာခရွန်က တကယ့် ကျူးကျော်သူဟာ ရုရှားဖြစ်ပြီး ယူကရိန်းနိုင်ငံ၊ ယူကရိန်း ပြည်သူတွေကို တိုက်ခိုက်ခဲ့တာကို မမေ့ဖို့လိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဂျာမန် အဓိပတိ အိုလက်ဖ်ရှော့ဇ်ကလည်း ယူကရိန်းလောက် ဘယ်သူမှ ငြိမ်းချမ်းရေးကို အပူတပြင်း လိုလားနေမှာ မဟုတ်ကြောင်း၊ ဒါကြောင့် ယူကရိန်းအတွက် အဓွန့်ရှည်ပြီး မျှတတဲ့ ငြိမ်းချမ်းရေးကို ဆောင်ယူပေးဖို့ သဘောထား တူညီတဲ့ လမ်းကြောင်း တစ်ခုကနေ ချဉ်းကပ်ဖို့ လိုကြောင်း၊ ယူကရိန်းဟာ ဂျာမနီကို၊ ပြီးတော့ ဥရောပကို ယုံကြည် မှီခိုနိုင်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဇီလန်စကီးဟာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးနဲ့လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းဟာ တစ်နိုင်ငံတည်း လျှောက်လှမ်းရမှာ မဟုတ်ကြောင်း လစ်သူယေးနီးယား သမ္မတ ဂီတန်နက် နော်ဆီဒါက ပြောကြားခဲ့ပြီး အက်စ်တိုးနီးယား နိုင်ငံခြားရေး ဝန်ကြီး မာဂူစ် ဆက်ခ်နာကလည်း ယူကရိန်းဟာ ဆက်ပြီး မတိုက်ခိုက်တော့ဘူးဆိုရင် ယူကရိန်း ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူကလည်း သူ့နိုင်ငံဟာ ယူကရိန်းနဲ့အတူ အခိုင်အမာ ဆက်လက် ရပ်တည်နေမယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပြီး ယူကရိန်းက တိုက်ခိုက်နေတာဟာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ အချုပ်အခြာ အာဏာအတွက် ဖြစ်တာကြောင့် အားလုံးအတွက် အဲဒီ တိုက်ပွဲဟာ အရေးပါကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်ကလည်း စစ်ပွဲ ဘယ်လောက်ဆက်ကြာကြာ ယူကရိန်းနဲ့အတူ ရပ်တည်မယ်လို့ ပြောကြားခဲ့ပြီး ယူကရိန်းရဲ့ ရုန်းကန်မှုဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်တဲ့ ရုန်းကန်မှု ဖြစ်တာကြောင့် ခြွင်းချက်မရှိ ထောက်ခံတယ်လို့ ပြောပါတယ်။
ဥရောပ နိုင်ငံတွေထဲမှာ ခြွင်းချက်အဖြစ် ထရမ့်ကို ထောက်ခံ ရပ်တည်တာကိုတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိနေသူ ဟန်ဂေရီ သမ္မတ ဗစ်တာ အော်ဘန် ဖြစ်ပါတယ်။ သူက သန်မာသူတွေဟာ ငြိမ်းချမ်းရေးကို ဖန်တီးပြီး ပျော့ညံ့သူတွေက စစ်ကို ဖန်တီးကြောင်း၊ သမ္မတ ထရမ့်ဟာ ငြိမ်းချမ်းရေးအတွက် ရဲရင့်စွာ ရပ်တည်ခဲ့ကြောင်း၊ ဒီကိစ္စအတွက် အစာမကြေ ဖြစ်နေသူတွေ အများကြီး ရှိနိုင်ပေမယ့် ထရမ့်ကို ကျေးဇူးတင်ကြောင်း အော်ဘန်က Xမှာ ရေးသားထားခဲ့ပါတယ်။
ယူကရိန်းမှာတော့ ပြည်သူတွေရော၊ လွှတ်တော် အမတ်တွေကပါ အိမ်ဖြူတော်က ကိစ္စမှာ သူတို့ရဲ့ သမ္မတကို ဝိုင်းဝန်း ထောက်ခံ ရပ်တည်ခဲ့ကြပါတယ်။ ယူကရိန်း လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီ အကြီးအကဲ အိုလက်ဆန္ဒာ မာရက်ဇ်ကိုက သမ္မတအတွက် ဂုဏ်ယူကြောင်း၊ ယူကရိန်းအတွက် မားမားရပ်ပေးရဲတဲ့ သတ္တိမျိုး သမ္မတဆီမှာ ရှိနေလို့ ဂုဏ်ယူကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို သုံးနှစ်ကျော်အောင် ကြံ့ကြံ့ခံ တွန်းလှန်နေခဲ့တဲ့ ယူကရိန်း စစ်တပ်ထဲမှာလည်း ဇီလန်စကီးကို ထောက်ခံပြီး ထရမ့်က ယူကရိန်း သမ္မတကို ရည်ရွယ်ချက်ရှိရှိ နင်းချေဖို့ ကြိုးစားခဲ့ကြောင်း တချို့ စစ်တပ် အရာရှိတွေက Telegramမှာ ဝေဖန် ရေးသားနေကြပါတယ်။
အလက်ခ်စ်လို့သာ နာမည် ဖော်ပြထားတဲ့ ရှေ့တန်း စစ်မျက်နှာရောက် ယူကရိန်း စစ်တပ် အရာရှိ တစ်ဦးကတော့ သူဟာ ထရမ့် တင်ပြမယ့် ဘယ်လို ငြိမ်းချမ်းရေး အစီအမံ ကမ်းလှမ်းချက်ကိုမှ လူရာသွင်းနေမှာ မဟုတ်ဘူးလို့ Telegramမှာ ရေးသားခဲ့ပါတယ်။ စစ်ပွဲကို အလျှော့ပေး ရပ်ဆိုင်းပြီး နောက် ၃ နှစ်လောက်ကြာရင် နောက်တစ်ခါ ထပ်ကျူးကျော် ခံရမှာနဲ့ ယှဉ်ရင် သေတဲ့အထိ ဆက်ပြီး တိုက်ခိုက်နေတာကမှ အဓိပ္ပါယ် ရှိဦးမယ်လို့ အလက်ခ်စ်က ယတိပြတ် သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။
ကိုးကား: CNN
