ရီပတ်ဘလစ်ကန်ပါတီ ပြည်လုံးကျွတ် ညီလာခံ (RNC)ရဲ့ အခမ်းအနား အပိတ် မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူကြုံတွေ့ခဲ့တဲ့ လုပ်ကြံမှုအကြောင်း အကျယ်တဝင့် ပြောကြားသွားခဲ့ပါတယ်။
သူ့ရဲ့ ရှည်လျားတဲ့ မိန့်ခွန်းမှာတော့ ထရမ့်ဟာ သူ့အတွက် အသက်ဘေးနဲ့ အရမ်းနီးခဲ့တဲ့ လုပ်ကြံမှု အကြောင်းရယ်၊ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေရယ်ကို အဓိက ဦးစားပေး ပြောဆိုသွားခဲ့ပြီး ရွေးကောက်ပွဲ ပြိုင်ဘက် ဂျိုးဘိုင်ဒန်ကို ထိုးနှက်တဲ့ ကိစ္စမျိုးတွေကို သိသိသာသာ လျှော့ချသွားခဲ့တာ တွေ့ရပါတယ်။
ထရမ့်ဟာ ဝစ္စ္စကွန်ဆင်ပြည်နယ်၊ မီလ်ဝေါ်ကီမြို့မှာ ကျင်းပတဲ့ RNCမှာ သူ့ကို ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ရေး အဆိုပြု တင်မြှောက်မှုကို လက်ခံရင်း မိန့်ခွန်းပြောခဲ့တာပါ။ ထရမ့်ရဲ့ ကျည်ဆန် ရှပ်မှန်ထားရာ ညာဖက်နားမှာတော့ အဲဒီအချိန်ထိ ပတ်တီးခေါက် အဖြူတစ်ခုကို ကပ်ထားဆဲ ဖြစ်ပါတယ်။

Public Service Announcement
သူဟာ အခုလို စင်မြင့်ပေါ်မှာ ဆက်ပြီး ရှိနေတယ်ဆိုတာ ကံကောင်းလွန်းလို့ ဖြစ်ကြောင်း၊ အားလုံးတွေ့တဲ့အတိုင်း သေနတ်သမားရဲ့ ကျည်ဆန်ဟာ သူ့အသက်ကို နုတ်ယူဖို့အတွက် တစ်လက်မရဲ့ လေးပုံတစ်ပုံလောက်သာ ကပ်ပြီး လွဲချော်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကြောင့်လည်း သူဟာ အခုလိုမျိုး ထောက်ခံ အားပေးသူတွေ ရှေ့မှောက်မှာ မားမားမတ်မတ် ဆက်ပြီး ရပ်နေခွင့် ရခဲ့တာလို့ ထရမ့်က ပြောကြားသွားပါတယ်။
သူဟာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ထဲက လူထုစည်းရုံး မဲဆွယ်မှု တစ်ခုမှာ လူငယ် တစ်ယောက်ရဲ့ ချောင်းမြောင်းပစ်ခတ်မှုနဲ့ ကြုံခဲ့ရတာပါ။ အဲဒီဖြစ်စဉ် အတောအတွင်း ကျည်ဆန်ထိမှန် သေဆုံးခဲ့တဲ့ မီးသတ်သမား တစ်ဦးရဲ့ ယူနီဖောင်းနဲ့ ခေါင်းဆောင်းကိုလည်း ထရမ့်က ကိုင်မြှောက်ပြခဲ့ပြီး ခေါင်းဆောင်းကို နမ်းပြခဲ့ပါတယ်။
ကြမ်းတမ်းရက်စက်တဲ့ တိုက်ခိုက်မှု တခုကို မျက်ဝါးထင်ထင် ကြုံခဲ့ပေမယ့် အခုအခါမှာတော့ အားလုံးဟာ ပိုပြီး အားကောင်းကောင်းနဲ့ စုစည်းနေနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ပါတီရဲ့ ရည်မှန်းချက်တွေ၊ မူဝါဒတွေက ပြိုလဲမသွားဘဲ အမေရိကန် ပြည်သူတွေ ကောင်းကျိုးအတွက် ထိထိရောက်ရောက် အမှုထမ်းနိုင်မယ့် အစိုးရအဖြစ် ရပ်တည်ဖို့ ပိုမို ခိုင်မာလာကြောင်း ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။
သူ့ကို ကျည်ဆန် ရှပ်မှန်ခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ထရမ့်က သူဟာ ဒီအကြောင်းတွေကို နောက်တကြိမ် ထုတ်ပြောမှာ မဟုတ်ကြောင်း၊ ပြန်ပြောပြရတဲ့ အခြေအနေတိုင်းက နာကျင်စရာ ကောင်းလွန်းနေကြောင်း၊ အဲဒီတုန်းက ဟောပြောမှုကို ပျော်ပျော်ရွှင်ရွှင် စတင်ခဲ့ပြီး အချက်အလက်တွေကို ကိုးကားဖို့ နောက်ဖက်မှာ ရှိနေတဲ့ sceenဖက်ကို သူက ညာဖက်လှည့်ပြီး ကြည့်ခဲ့ကြောင်း၊ နောက်တစ်ကြိမ် ထပ်လှည့်မလို့ ပြင်နေပြီးမှ ကံကောင်းစွာနဲ့ မလှည့်ဖြစ်ခဲ့ကြောင်း၊ အဲဒီ အချိန်မှာပဲ ကျယ်လောင်လှတဲ့ အသံတခု ကြားလိုက်ပြီး သူ့ရဲ့ ညာဖက်နားကို တစ်ခုခုက ပြင်းပြင်းထန်ထန် ထိမှန်ခဲ့တယ်ဆိုတာ ခံစားမိလိုက်ကြောင်း ထရမ့်က ဆိုပါတယ်။
ဒါဟာ ကျည်တစ်တောင့် ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးက ချက်ချင်း ခေါင်းထဲဝင်လာပြီး ညာဖက်နားကို လက်နဲ့ အုပ်လိုက်တဲ့ အခါမှာပဲ လက်မှာ သွေးတွေ စွန်းပေနေတာကို တွေ့ခဲ့ကြောင်း၊ အခြေအနေက အရမ်း စိုးရိမ်စရာ ဖြစ်နေပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း သူက ကြမ်းပြင်ပေါ် လှဲချခဲ့ကြောင်းလည်း ဆက်ပြောခဲ့ပါတယ်။ ထရမ့်က လုံခြုံရေး အေးဂျင့်တွေဟာ သူ့ဆီ အပြေးအလွှား ရောက်လာပြီး ကာကွယ်ပေးခဲ့ကြကြောင်း ထရမ့်က ပြောပြသွားပါတယ်။
သွေးတွေ စွန်းနေတာ မြင်ခဲ့ပေမယ့် ဘုရားသခင်က သူနဲ့အတူ ရှိနေတယ် ဆိုတာကို ခံစားရတာကြောင့် သူ့စိတ်ထဲမှာ တစ်နည်းတစ်ဖုံ လုံခြုံနေခဲ့တယ်လို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။ သူက ပစ်ခတ်မှုကြီး ဖြစ်ခဲ့တဲ့တိုင် လူတွေ ဝရုန်းသုန်းကား ထွက်ပြေးကြရင်း တိုးမိ၊ ပိမိလို့ ဒုက္ခတွေ ထပ်မရောက်ကြတဲ့ အတွက်လည်း စိတ်သက်သာရာ ရမိကြောင်း ပြောကြားသွားပါတယ်။
လူတွေက သူ့ကို သေသွားပြီလို့ ထင်ပြီး စိတ်ရှုပ်ထွေးနေခဲ့ကြောင်း၊ သူက လုံခြုံရေး အေးဂျင့်တွေ ကြားကနေ ပြန်ထလာချိန် လူထုရဲ့ ဝမ်းနည်းနေတဲ့ မျက်နှာတွေ ပြောင်းလဲသွားပြီး ဆူဆူညံညံ စတင်ကြွေးကြော်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။
ထရမ့်ရဲ့ ရှည်လျားတဲ့ မိန့်ခွန်းထဲမှာ အံ့ဩစရာ ကောင်းလောက်အောင် ရွေးကောက်ပွဲပြိုင်ဘက် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နာမည်ကို တိတိကျကျ ရည်ညွှန်းသွားတာမျိုး လုံးဝ မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။
လက်ရှိ အချိန်ထိ ဘိုင်ဒန်ဟာ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း နေရာအတွက် လျာထား ခံရပေမယ့် တစ်ဖက်မှာလည်း သူ့ရဲ့ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်အပေါ် ပါတီဝင်တွေကြား စိုးရိမ်မှုတွေ မြင့်တက်လာပြီး လူသစ်တစ်ဦး အစားထိုးဖို့ တောင်းဆိုသံတွေ ပိုမိုကျယ်လောင်လာနေပါတယ်။
ထရမ့်ရဲ့ RNC အပိတ်မိန့်ခွန်း အစီအစဉ်မှာတော့ သူ့ရဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်နဲ့ မိသားစုဝင်တွေ၊ ရီပတ်ဘလစ်ကန်ပါတီ ထိပ်တန်း နိုင်ငံရေးသမားတွေနဲ့ အရာရှိတွေ စုံစုံညီညီ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ကိုးကား: CNBC
