Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်မှာ သမ္မတသစ် လိုင်ချင်တေး ကျမ်းသစ္စာ ကျိန်ဆို

ရွေးကောက်ပွဲမှာ လိုင်အနိုင်ရခဲ့ပြီးချိန်ကနေ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကာလတလျှောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေး အင်အားပြ ခြိမ်းခြောက်မှုတွေ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်ဝမ်မှာ သမ္မတသစ် လိုင်ချင်တေး ကျမ်းသစ္စာ ကျိန်ဆို
ထိုင်ဝမ်မှာ သမ္မတသစ် လိုင်ချင်တေး ကျမ်းသစ္စာ ကျိန်ဆို

တရုတ်နဲ့ ဆက်ဆံရေး ဆက်တိုက် ဆိုးရွားလာနေချိန် ထိုင်ဝမ်မှာ တရုတ်က မျက်မုန်းကျိုးတဲ့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

လိုင်ချင်တေး (ဝီလျံ လိုင်)ဟာ မေလ ၂၀ ရက်နေ့တုန်းက ထိုင်ဝမ်မှာ သမ္မတ ရာထူးကို ဆိုင်အင်ဝမ်ဆီက ဆက်ခံယူဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အစိုးရ လက်ထက်မှာ ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သူ လိုင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဆိုင်ကတော့ ရာထူးသက်တမ်း နှစ်ကြိမ် ပြည့်မြောက်ခဲ့ပြီး ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိတော့ပါဘူး။

တရုတ်အစိုးရက ဆိုင်ဟာ ထိုင်ဝမ်ကို တရုတ်ပိုင်နက်အဖြစ် သတ်မှတ်မှုအောက်ကနေ ခွဲထွက်ဖို့ အားထုတ်ခဲ့သူလို့ ယူဆခဲ့ပြီး လိုင်ကတော့ အဲဒီထက်ကို ပိုပြီး သဘောထား ပြတ်သား တင်းမာတဲ့ ခွဲထွက်ရေး ဝါဒီတစ်ဦးလို့ သတ်မှတ်ထားဟန် ရှိပါတယ်။

ရွေးကောက်ပွဲမှာ လိုင်အနိုင်ရခဲ့ပြီးချိန်ကနေ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကာလတလျှောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေး အင်အားပြ ခြိမ်းခြောက်မှုတွေ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်လိုပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံငယ်လေးကတော့ ကိုယ်ပိုင် သီးခြား ရပ်တည်မှုမျိုးကိုသာ လိုလားနေပါတယ်။

လိုင်ကတော့ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့နောက်ပိုင်း တရုတ်ကို ထိပ်တိုက် ရင်ဆိုင် ဝေဖန်တာတွေကို သိသိသာသာ လျှော့ချခဲ့ပြီး သူ့အနေနဲ့ ထိုင်ဝမ်ရဲ့ ကိုယ်ပိုင် ရပ်တည်မှုကို ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ပေမယ့် လွတ်လပ်ရေး ကြေညာတာမျိုး အဆင့်ထိ အတင့်ရဲမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုမှု အခမ်းအနားကိုတော့ ထိုင်ပေမြို့မှာရှိတဲ့ သမ္မတရုံးမှာ ကျင်းပခဲ့ပြီး လိုင်နဲ့အတူ သူရွေးချယ်ထားတဲ့ ဒုတိယ သမ္မတလောင်း ရှိုဘီကင်ကပါ အတူကျမ်းကျိန်ခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို နိုင်ငံတကာ အသိုက်အဝန်းနဲ့ သင်းကွဲဖြစ်နေအောင် သံတမန်ရေးရာ နည်းလမ်းတွေနဲ့ပါ ဖိအားပေးခဲ့တာကြောင့် တစ်ကမ္ဘာလုံးမှာ ထိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာပိုင် ရပ်တည်မှုကို အသိအမှတ်ပြုတဲ့ နိုင်ငံပေါင်း ၁၂ ခုသာ ရှိပါတယ်။ လိုင်ရဲ့ အစိုးရသစ်ဟာ နိုင်ငံတကာနဲ့ ထိတွေ့မှုတွေကို ပိုပြီး မြှင့်တင်နိုင်ဖို့ အားထုတ်ရမယ့် ဖိအားတွေ ရှိနေပါတယ်။

သူ့ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှု မူဝါဒတွေမှာတော့ လိုင်က ဘက်ပေါင်းစုံ မြင့်တက်လာတဲ့ ရန်လိုမှုတွေကို တုံ့ပြန်နိုင်ဖို့ ထိုင်ဝမ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ထိထိရောက်ရောက် မြှင့်တင်သွားမယ်လို့ ပြောကြားထားပါတယ်။ အဲဒီအတွက်လည်း ထိုင်ဝမ်ဟာ အဓိက လက်နက် ထောက်ပံ့ပေးနေတဲ့ အမေရိကန်နဲ့ ပိုမို အရေးကြီးတဲ့ ရှေ့ဆက် ညှိနှိုင်းမှုတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် မီဒီယာတွေကလည်း ရိုင်ဆီ သေဆုံးသွားပြီလို့ ဖော်ပြကြပေမယ့် အစိုးရဆီက တရားဝင် ကြေညာချက်တော့ ထွက်ပေါ်မလာသေးပါဘူး။

နိုင်ငံတကာ

အီရန်မှာ နိုင်ငံတော် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ ခြွင်းချက်မရှိ အကြီးမားဆုံး ဩဇာကို ပိုင်ဆိုင်ထားပြီး သမ္မတ နေရာရဲ့ အထက်ကနေ ကွပ်ကဲနေပါတယ်။

နိုင်ငံတကာ

အသက် ၅၁ နှစ်အရွယ် ဝေါင်ဟာ သမ္မတရုံးရှေ့ မြက်ခင်းပြင်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါဟာ စင်ကာပူ နိုင်ငံအဖြစ် တရားဝင် ထူထောင်ခဲ့ပြီး ၅၉ နှစ်တာ သက်တမ်းအတွင်း တတိယမြောက် ကြုံလာတဲ့ ဝန်ကြီးချုပ်နေရာ အလွှဲအပြောင်းလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗလာဒီမာ ပူတင်ဟာ ပဉ္စမမြောက် ရုရှားသမ္မတ သက်တမ်းကို ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သူဟာ နောက်ထပ် ၆ နှစ်ကြာအောင် ရုရှားသမ္မတအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။