People’s Spring
မြန်မာနိုင်ငံ အနောက်ဖက်စွန်းက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန် အရှိန်မြင့်တက်လာခြင်းနဲ့အတူ စစ်တပ်ရဲ့ သွေးထိုးမှုတွေကြောင့် ကြမ်းကြုတ် ရက်စက်မှုတွေ ထပ်မံ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကသတိပေးပြောကြားခဲ့ပါတယ်။
အာရက္ခတပ်တော် (AA)က နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသလို မြို့နယ်ပေါင်း ၁၀ ခုလောက်ကိုသိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတက်ခ်ကတော့ တကျော့ပြန် စစ်ပွဲတွေကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ပြန်လည် ခေါင်းထောင်လာမှာကို စိုးရိမ်တယ်လို့ဆိုတာပါ။

Public Service Announcement
လတ်တလောမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင် မြို့နယ်ထဲမှာ နိုင်ထက်စီးနင်း လုပ်ရပ်တွေ၊ ပြည်သူတွေရဲ့ အိုးအိမ်တွေ ထိခိုက်ပျက်စီးမှု သတင်းတွေကို ကြားနေရကြောင်း၊ ရိုဟင်ဂျာ မျိုးနွယ်စုတွေ အပါအဝင် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်းနေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့သူက ဆိုပါတယ်။
သူက ရခိုင်ပြည်နယ်မှာ ရခိုင်လူထုနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေးဆိုင်ရာ တင်းမာမှုတွေ ရှိနှင့်ပြီး ဖြစ်သလို အခြေအနေတွေ ပိုဆိုးလာအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လောင်စာ ဖြည့်ပေးနေကြောင်း၊ လက်ရှိ ကာလဟာ ရခိုင်ပြည်နယ်ထဲမှာ နောက်ထပ် ကြမ်းကြုတ် ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေ အမြင့်ဆုံး သေရေးရှင်ရေး ကာလတစ်ခု ဖြစ်နေကြောင်းလည်း သူက သတိပေးသွားပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ ခု ရှိတဲ့အနက် AAက ၁၅ ခုမှာ စစ်ဆင်ရေးတွေ ဆင်နွှဲနေပါတယ်။ ရခိုင်ပြည်နယ်ထဲက စစ်ရေး ပဋိပက္ခတွေကြောင့် ထိခိုက်သေဆုံးသူရာနဲ့ချီ ရှိခဲ့ပြီး ဒေသခံ သုံးသိန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြပါတယ်။
တက်ခ်က AAရော၊ အာဏာသိမ်း စစ်ကောင်စီကိုပါ တိုကရိုက် ဦးတည်ပြီး တိုက်ပွဲဇုန်တွေမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုစောင့်ရှောက် ကာကွယ်ပေးဖို့၊ လူသားချင်း စာနာမှု အကူအညီတွေကို အဆီးအတားမရှိ ပို့ဆောင်ခွင့်ပြုဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ရှောင် ပြည်သူတွေကိုလည်း အတတ်နိုင်ဆုံး အကူအညီတွေ ပေးဖို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကိုပါ တက်ခ်က မေတ္တာရပ်ခံထားပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၇ တုန်းက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး အမည်ခံပြီး ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ မွတ်ဆလင် မျိုးနွယ်စုတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းခဲ့တာကြောင့် အခုအခါ ICJ မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA ) ကလည်း မေ ၂၀.ရက်နေ့မှာ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သပ်ပြီးသတင်းထုတ်ပြန်ရာမှာ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ RSO၊ ARSA၊ ARA အစရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်းအမည်ခံ ကိုယ်ကျိုးရှာ အဖွဲ့အစည်းတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ အာဘော်နဲ့တူညီတဲ့ စကားတွေကို “ပုလင်းတူ ဗူးဆို့” ဆိုသလို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ပြောဆိုနေတယ်လို့ ဖော်ပြထားပါတယ် ။
ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုတွေ နဲ့ ဒေသခံမူဆလင်ပြညသူလူထုအကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုတွေကို တမင်ပျက်ပြားစေဖို့ရည်ရွယ်ပြီးတော့ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတာခြင်းဖြစ်ပြီး အဲဒီသတင်းတွေဟာမှန်ကန်မှုမရှိကြောင်းနဲ့ အဲဒီသတင်းမှားတွေ ပြောဆိုရေးသားနေသူတွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုထားပါတယ် ။
ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအနေနဲ့လည်း အာရက္ခဒေသတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေရဲ့ ပကတိအမှန်တရားကို ဘက်လိုက်မှုမရှိဘဲ သတင်း ကျင့်ဝတ်နဲ့ အညီ သတင်းရယူနိုင်ရေးအတွက် လိုလိုလားလား လက်ခံကြိုဆိုနေတယ်လို့ ULA ကဆိုပါတယ် ။ အမှန်တရားကိုလိုလားပြီး ဘယ်လိုအကြမ်းဖက်လုပ်ရပ်ကိုမဆို ဆန့်ကျင် ကန့်ကွက်ရှုတ်ချ တယ်လို့လည်း ပါရှိပါတယ် ။
အလာယတူ နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေနဲ့အတူလက်တွဲပြီးတော့ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ လက်တွဲဆောင်ရွက်လို့ရတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲအသင့်ရှိတယ်လို့လည်းဆိုပါတယ်။
ဘူးသီးတောင်၊ မောင်တော ဒေသ တွေရဲ့လက်ရှိအရေးကိစ္စတွေနဲ့ပတ်သက်၍ မိမိတို့အဖွဲ့အစည်းကို မလိုလားသော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲချက်များနှင့် ကွဲလွဲနေသော ပကတိ မြေပြင်အမှန် တရားတွေကို ကွဲကွဲပြားပြား၊ မှန်မှန်ကန်ကန် သိရှိနိုင်စဖို့အတွက် မိမိတို့ အဖွဲ့အစည်းထံ အချိန်မရွေး ဆက်သွယ် နိုင်တယ်လို့လည်းကြေညာပါတယ် ။အဲဒီကိစ္စရပ်မယတွေအတွက် ဘက်မလိုက်တဲ့ မည်သည့်အဖွဲ့အစည်းတွေနဲ့မဆို အတူပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ULA ကထုတ်ပြန်ထားပါတယ် ။
ကိုးကား- Straits Times
