စင်ကာပူရဲ့ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် လောရင့်စ်ဝေါင်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
မေလ ၁၅ ရက် ညပိုင်းမှာ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းရဲ့ ဆယ်စုနှစ် နှစ်ခုကြာ တာဝန်ယူမှု အဆုံးသတ်ခဲ့ပြီး ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ဝေါင်ကို အရိုက်အရာ လွှဲပြောင်းပေးခဲ့ပါတယ်။ လီကတော့ 4Gလို့ အတိုကောက် ခေါ်ဝေါ်တဲ့ စင်ကာပူ စတုတ္ထမျိုးဆက်တွေဆီ နိုင်ငံရဲ့ အနာဂတ်ကို ပခုံးပြောင်း အပ်နှင်းဖို့ အသင့်တော်ဆုံး အချိန် ရောက်ရှိလာပြီလို့ ပြောပါတယ်။
ဝေါင်က သူ့မျိုးဆက်မှာ ရှိလာမယ့် စင်ကာပူရဲ့ ဇာတ်ကြောင်းဟာ လွတ်လပ်ပြီး အားကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ပုံပေါ်လာမယ်လို့ ဆိုပါတယ်။ အဂတိ ကင်းစင်တဲ့၊ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်နိုင်တဲ့၊ တရားမျှတတဲ့၊ တန်းတူညီမျှရှိတဲ့ နိုင်ငံတစ်ခုကို စတုတ္ထမျိုးဆက်တွေက ထုဆစ် ဖန်တီးသွားမယ်လို့လည်း ဝေါင်က ပြောပါတယ်။
ဝေါင်ဟာ လီရဲ့ အရိုက်အရာကို ဆက်ခံမယ့် ပုဂ္ဂိုလ်အဖြစ် ကြိုတင် သတင်းကြီးခဲ့ပြီး သူ့ကို ဝန်ကြီးချုပ်တာဝန် လွှဲပြောင်းမယ့် ကိစ္စကို လီက ပြီးခဲ့တဲ့လမှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး သူ့ရဲ့ အစိုးရဟာ အရင်ဦးဆောင်မှု ပုံစံတွေဆီကနေ ကွဲထွက်ပြောင်းလဲမှုတွေ ရှိလာမယ်လို့ ဝေါင်က ဆိုပါတယ်။

Public Service Announcement
အသက် ၅၁ နှစ်အရွယ် ဝေါင်ဟာ သမ္မတရုံးရှေ့ မြက်ခင်းပြင်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါဟာ စင်ကာပူ နိုင်ငံအဖြစ် တရားဝင် ထူထောင်ခဲ့ပြီး ၅၉ နှစ်တာ သက်တမ်းအတွင်း တတိယမြောက် ကြုံလာတဲ့ ဝန်ကြီးချုပ်နေရာ အလွှဲအပြောင်းလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း လီကတော့ ဝေါင်ရဲ့ အစိုးရသစ်ထဲမှာ စီနီယာ ဝန်ကြီးတစ်ဦးအနေနဲ့ ဆက်ရှိနေမယ်လို့ သိရပါတယ်။ မေလ ၁၅ ရက်က ဝေါင်နဲ့အတူ သူ့ရဲ့ ဒုတိယ ဝန်ကြီးချုပ်တွေ ဖြစ်ကြတဲ့ ဂန်ကင်ယောင်နဲ့ ဟန်ဆွီကက်တို့လည်း အသီးသီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ စီနီယာ ဝန်ကြီးတွေ ဖြစ်လာမယ့် လီနဲ့ တောင်ချီဟန်တို့ကလည်း တခြား ဝန်ကြီးတွေနဲ့အတူ တစ်ပါတည်း ကျမ်းကျိန်ခဲ့ကြပါတယ်။
ဝေါင်က စင်ကာပူနိုင်ငံရဲ့ အောင်မြင်မှုတွေဟာ နိုင်ငံသားတွေကြား အပြန်အလှန် ယုံကြည်မှု မြင့်မြင့်မားမား တည်ဆောက်ထားတာနဲ့ ပူးပေါင်း အလုပ်လုပ်နိုင်မှု ကောင်းမွန်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ စင်ကာပူဟာ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဘာသာစကားတွေ ကွဲပြားစုံလင်သူတွေကို ကိုယ်စားပြုတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး လက်ရှိ ကာလမှာတော့ အဲဒီ ရပ်တည်မှုဟာ ပိုလို့တောင် ကျယ်ပြန့်လာနေကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
သူက အရင်မျိုးဆက် စင်ကာပူ ခေါင်းဆောင်တွေကို ချီးကျူးခဲ့သလို လက်ရှိမှာတော့ စင်ကာပူဟာ အခန်းကဏ္ဍကို စတင်တော့မှာဖြစ်ကြောင်း၊ ရှေ့က ခေါင်းဆောင်တွေ ကောင်းမှုကြောင့် စင်ကာပူ အစိုးရသစ်ဟာ အကြမ်းထည် အဆင့်ကနေ ရုန်းကန်နေစရာ မလိုတော့ကြောင်းလည်း ဝေါင်က ပြောကြားသွားခဲ့ပါတယ်။
ကိုးကား: CNA
