Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်နဲ့ နယ်စပ်နားမှာ တစ်နေ့တည်း တရုတ်စ်လေယာဉ် အစီး ၄၀ ကျော် ပျံသန်း

နှစ်နိုင်ငံကြား နယ်နိမိတ် စည်းအဖြစ် တရားဝင် မဟုတ်ဘဲ သတ်မှတ်ထားရာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ပြီး ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ နေရာကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းက တရုတ် စစ်လေယာဉ် ၂၆ စီးလောက် ဖြတ်ပျံခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်နဲ့ နယ်စပ်နားမှာ တစ်နေ့တည်း တရုတ်စ်လေယာဉ် အစီး ၄၀ ကျော် ပျံသန်း
ထိုင်ဝမ်နဲ့ နယ်စပ်နားမှာ တစ်နေ့တည်း တရုတ်စ်လေယာဉ် အစီး ၄၀ ကျော် ပျံသန်း

နယ်စပ် သတ်မှတ် ဧရိယာကို တစ်နေ့တည်းတင် တရုတ်လေယာဉ် အစီး ၄၀ ကျော် ဖြတ်ပျံခဲ့ကြောင်း ထိုင်ဝမ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံကြား နယ်နိမိတ် စည်းအဖြစ် တရားဝင် မဟုတ်ဘဲ သတ်မှတ်ထားရာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ပြီး ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ နေရာကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းက တရုတ် စစ်လေယာဉ် ၂၆ စီးလောက် ဖြတ်ပျံခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်ဝမ် ရေပိုင်နက် အလွန်မှာ ပြုလုပ်နေတဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဆက်နွှယ်ပြီး နောက်ထပ် လေယာဉ် ၁၆ စီးလောက်က ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုန်ကို ဖြတ်ပျံခဲ့ပြန်ကြောင်း သိရပါတယ်။

တရုတ်က သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ လက်နက်ကိုင် တပ်တွေက အမှန်တကယ် တိုက်ပွဲဖြစ်လာရင် တိုက်ရည်ခိုက်ရည်အရ အသင့် ရှိမရှိ ဆိုတာကို ဆန်းစစ်ဖို့ ရည်ရွယ်ထားတာလို့ ပြောပါတယ်။ ထိုင်ဝမ်ကတော့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ ရန်လိုပြီး တာဝန်မဲ့လွန်းရာ ကျတယ်လို့ ဝေဖန် စွပ်စွဲခဲ့ပါတယ်။

တရုတ် စစ်လေယာဉ်တွေ အုံနဲ့ကျင်းနဲ့ ချဉ်းကပ် ပျံသန်းမှုကြောင့် ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက နိုးနိုးကြားကြား စောင့်ကြည့်ခဲ့ရကြောင်းလည်း သိရပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှီယီက ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရဲ့ ရေတပ်နဲ့ လေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုနဲ့ ကင်းလှည့်မှုတွေ ဩဂုတ် ၁၉ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အတည်ပြုပေမယ့် ထိုင်ဝမ် လေပိုင်နက်နား စစ်လေယာဉ်တွေ အများအပြား စုဖွဲ့ ပျံသန်းခဲ့တယ်ဆိုတဲ့ ကိစ္စကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် အတိအလင်း သတ်မှတ်ထားပြီး ခွဲထွက်ဖို့ ပေါ်ပေါ်ထင်ထင် ကြိုးစားလာတာနဲ့ စစ်အင်အားသုံး သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ကျွန်းနိုင်ငံငယ်လေးကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။