People’s Spring
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီက ရုရှားကို ပြောင်းလဲ ချဉ်းကပ်လာဟာ တရုတ်နဲ့ ဆက်ဆံရေးအပေါ် ထိခိုက် သက်ရောက်လာဖွယ် ရှိနေပါတယ်။
တရုတ်ဟာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို မူလက စိတ်ဝင်တစား ရှိခဲ့ပေမယ့် လတ်တလောမှာတော့ ရခိုင်ပြည်နယ်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်ရေးကို ပိုအာရုံစိုက်နေပါတယ်။ အဲဒီ စီမံကိန်းဟာအိန္ဒိယကရင်းနှီးမြှုပ်နှံထားတဲ့ စစ်တွေ ဆိပ်ကမ်းနဲ့ သိပ်မဝေးတဲ့ အပြိုင်သဘော ဖြစ်လာနိုင်ပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိုတော့ ၂၀၀၈ ခုနှစ်တုန်းက ထိုင်းနဲ့ မြန်မာတို့ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအဖြစ် စတင် အကောင်အထည် ဖော်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ ဂျပန်ကလည်းစိတ်ဝင်စားဟန်ပြခဲ့ပါသေးတယ် ။ဒါပေမယ့် စီမံကိန်းကို လက်တွေ့အကောင် အထည်ဖော်ဖို့ နှစ်တွေအများကြီး ကြန့်ကြာခဲ့ပါတယ် ။လောလောဆယ်မှာတော့ ထားဝယ်စီမံကိန်းကို ရှေ့ဆက် အကောင်အထည် ဖော်နိုင်ဖို့ ရုရှားအစိုးရနဲ့ အာဏာသိမ်း မြန်မာ စစ်ကောင်စီကြား ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီ စီမံကိန်းအတွက် အဆိုပြုထားတဲ့ အခင်းအကျင်းတွေထဲမှာ ကုန်စည်တန်ချိန် ၁၀ သန်းကို ကိုင်တွယ်နိုင်ပြီး နေ့စဉ် ရေနံစိမ်း စည်ပေါင်း ၁ သိန်းလောက်ကို သန့်စင် ချက်လုပ်ပေးနိုင်မယ့် စက်ရုံတစ်ခု တည်ဆောက်ရေးတွေ ပါဝင်ပါတယ်။ တရုတ်ကတော့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းထဲမှာ ရုရှားကို ခေါ်သွင်းလာတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ် သဘောမတွေ့လှဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒီအခြေအနေက တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် ဒေသတွင်း ကုန်သွယ်ရောင်းဝယ်မှု ကဏ္ဍအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာမှာကို တရုတ်က စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ ဆက်ဆံရေးမှာ အက်ကြောင်းတချို့ ထင်လာတဲ့နောက် အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရုရှားနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ တက်တက်ကြွကြွ အားထုတ်နေပါတယ်။ အဲဒီ အားထုတ်မှုတွေမှာ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမို ဖိတ်ခေါ်ဖို့၊ ရေနံချက်စက်ရုံ တစ်ခုပါဝင်တဲ့ အထူးစီးပွားရေးဇုန် တစ်ခုကို ရုရှားအကူအညီနဲ့ အကောင်အထည်ဖော်ဖို့တွေ ပါဝင်နေပါတယ်။
တရုတ်ဟာ အရင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ဖြူဖက်ကို လုံးလုံးလျားလျား အာရုံပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ဖက်ခြမ်း၊ တနင်္သာရီတိုင်း ကမ်းရိုးတန်းနဲ့ ကပ္ပလီပင်လယ် ထိစပ်ရာမှာ လျာထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ မဟာဗျူဟာအရ အရေးပါတဲ့ ဆိပ်ကမ်းနေရာ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးစီးသွားမယ်ဆိုရင် အရှေ့တောင်အာရှရဲ့ အရေးအကြီးဆုံး ဆိပ်ကမ်းတွေထဲက တစ်ခုတောင် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခံထားရပါတယ်။ တစ်နည်းအားဖြင့် မလက္ကာ ရေလက်ကြားကို ကုန်တင်သင်္ဘောတွေ ဖြတ်သန်းစရာ မလိုတော့ဘဲ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာဖရိကဖက်က ရေလမ်းကြောင်းတွေကို အရှေ့တောင်အာရှ ဒေသတွင်းနဲ့ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရုရှား-မြန်မာ ဆက်ဆံရေးဟာ ပိုမို အားကောင်းလာနေပြီး စီးပွားရေးနဲ့ ကာကွယ်ရေး ကဏ္ဍတွေသာ မကဘဲ အပြန်အလှန် စစ်လက်နက် တင်ပို့ထောက်ပံ့မှုတွေပါ ရှိလာနေပါတယ်။ ဒါ့အပြင် ရုရှားဟာ နျူကလီးယား နည်းပညာ ကဏ္ဍနဲ့ ပတ်သက်လို့လည်း မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီး ရန်ကုန်မှာ နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာတစ်ခုကိုပါ အခြေစိုက် ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။
ကိုးကား-India Shipping News
