မတ်-၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ People Defense Army (PDA)ရဲ့ တပ်စခန်းကို စစ်ကောင်စီတပ် လက်အောက်ခံ ဇိုမီးတပ်(ZRA)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်တွေ သိမ်းရသွားတယ်လို့ ချင်းဒေသ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။
တီးတိန်နဲ့ တွန်းဇံမြို့နယ်ကြားက ကျေးရွာအနီး တပ်စွဲထားတဲ့ ချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင် PDFရဲ့ စခန်းကို ZRAက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အင်အားမမျှတဲ့ အခြေအနေမှာ PDAတပ်ဖွဲ့တွေ ဆုတ်ခွာ သွားရတာလို့ The Voice of Chinlandက ဖော်ပြပါတယ်။
ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ချင်းမြောက်ပိုင်း နယ်မြေဒေသတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ အချိန်မှာပဲ စစ်ကောင်စီ လက်ပါးစေ ဇိုမီး ZRAတပ်ဖွဲ့က ချင်းတော်လှန်ရေးတပ်တွေကိုတိုက်ခိုက်လာခြင်းလည်းဖြစ်ပါတယ်။

Public Service Announcement
အဲဒါနဲ့ပတ်သက်ပြီး တီးတိန်မြို့နယ်အတွင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က မနေ့က ဖြစ်ပွားခဲ့တာလို့ ဒီကနေ့ မတ်လ ၂၃ရက်မှာ ပြောပါတယ်။
အသေးစိတ် အခြေအနေတွေ သိရနိုင်ဖို့ PDF တပ်ဖွဲ့၊ ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းတို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
ချင်းညီနောင်အဖွဲ့ဝင် ZFU/PDF ဇိုလဲန်း တပ်ဖွဲ့ကတော့ ZRA နဲ့ပတ်သက်ပြီး မတ်လ ၁၆ရက်က ထုတ်ပြန်ခဲ့ရာ Zomi Revolutionary Army-Eastern Command(ZRA-EC) ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အသိပေးထားပါတယ်။ ZRA ဟာ ပြည်သူ့အကျိုးစီးပွားနဲ့ ရည်မှန်းချက်တွေကို ကိုယ်စားပြုတဲ့ တော်လှန်
ရေးအင်အားစုအဖြစ် သတ်မှတ်လို့ မရဘဲ သူတို့ရဲ့ လုပ်ရပ်ဟာ စစ်ကောင်စီ လက်ပါးစေ ဖြစ်သွားပြီလို့ အသိပေးထားပါတယ်။
ZRAဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကိုတိုက်ခိုက်ခဲ့ဖူးတာမျိုးမရှိပဲ တော်လှန်ရေးအဖွဲ့တွေကိုသာ တိုက်ခိုက်ခဲ့ဖူးသလို ၊ စစ်တပ်နဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာ ကာလရှည် သတင်းထွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
CCအဖွဲ့ဝင်ချင်းတိုင်းရင်းသားတော်လှန်ရေးတပ်
ဖွဲ့ဖြစ်တဲ့ချင်းအမျိုးသားတပ်မတော်(CNA) ပြော
ရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း “ZRA eastern Command က အရင်ကတည်းက စကမ နဲ့ ပူးပေါင်းထားတဲ့ အဖွဲအစည်းဆိုတော့ စကမ ခိုင်းသမျှ လုပ်နေတာ ဘာမှ ပြောစရာ မရှိပါဘူး”လို့ ZRA ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ မတ်လ ၂၂ရက်မှာ ပြောပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကလည်း PDA တပ်ဖွဲ့ထံက လက်နက်တွေ သိမ်းသွားတဲ့ ZRA-EC တပ်ဖွဲ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မတ်လ ၂၂ရက်မှာ ချင်းဘာသာနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ZRA အနေနဲ့ PDA တပ်ဖွဲ့ထံကနေ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို ပြန်ပေးဖို့ ဖော်ပြထားပြီး အကြမ်းဖက်စစ်တပ်နဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ပြန်လည်တိုက်ခိုက်သွားမယ်လို့ CDF-Tonzang က အသိပေးထားကြောင်း The Voice of Chinlandက ဗမာဘာသာနဲ့ ပြန်လည်ဖော်ပြထားပါတယ်။
(People Defense Army (PDA)ရဲ့ တပ်စခန်းကို စစ်ကောင်စီတပ် လက်ပါးစေ ဇိုမီးတပ်(ZRA)က ဝင်ရောက်စီးနင်းပြီး သိမ်းသွားသော လက်နက်တွေ။ ဓာတ်ပုံ – Peter Kimm Thang




















































