မတ်-၂၃၊၂၀၂၆။ထားမြတ်/People’s Spring
ပဲခူးတိုင်းအနောက်ခြမ်း၊ဇီးကုန်းမြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စအာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ လက်နက်အချို့ သိမ်းရခဲ့ကြောင်း PDF ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-PDF ဗျူဟာ ၂၂
မတ်လ ၂၂ရက် မနက်က ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှ ဆိုင်ကယ်တွေနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့သလိုစစ်ကူလာတဲ့ ယာဉ်တွေကိုလည်း တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
စစ်တပ်ကဆိုင်ကယ် ၁၂ စီးနဲ့ စစ်ကြောင်းထိုးလာတာကို ဇီးကုန်းမြို့နယ် ဘဲအင်းလမ်းဆုံမှာ PDFတွေက ကြားဖြတ်တိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်နေစဥ်အတွင်း စစ်ကူလာတဲ့ ကား ၃ စီးကိုလည်း ဇီးကုန်းမြို့ တစ်မိုင်ခန့်အကွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့အသိပေးပါတယ်။

Public Service Announcement
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးအတွင်း PDF ရဲဘော်တွေ အထိအခိုက်မရှိဟု အသိပေးပါတယ်။
ဗျူဟာ ၂၂ က ထုတ်ပြန်တဲ့ မှတ်တမ်း ဓာတ်ပုံတွေမှာလက်နက် ၅လက်နဲ့ ကျည်တွေ သိမ်းရခဲ့တာ တွေ့ရပါတယ်။
ဇီးကုန်းမြို့နယ် တိုက်ပွဲ အခြေအနေ အပါအဝင် ဒေသတွင်း စစ်ရေး အခြေအနေတွေ မေးမြန်းဖို့ ဗျူဟာ ၂၂ တာဝန်ရှိသူထံ People’s Spring က ဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး။
ဇီးကုန်းမြို့နယ်စစ်ဆင်ရေးကိုအမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ (၂၂) ကွပ်ကဲမှူအောက်ရှိ ၊ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ (၄) UGF Okpo နဲ့ တပ်ခွဲ (၅) BTZM တို့ တိုက်ခိုက်ခဲ့လို့ဖော်ပြထားပါတယ်။
PDF ဗျူဟာ ၂၂ အပါအဝင် ပဲခူးတိုင်းစစ်ဌာန လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ အခု နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီ တပ် အထိနာတဲ့ စစ်ဆင်ရေးတွေ မကြာခဏဖော်ဆောင်ခဲ့သလို စစ်ရေးအရှိန် ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့ရှိလို ပြည်သူတွေ သတိနဲ့ နေထိုင်သွားလာဖို့ အသိပေးထားပါတယ်။




















































