လောင်စာဆီ အကျပ်အတည်းနဲ့ ပတ်သက်လို့ ယာယီ ဖြေရှင်းမှု တစ်ခုအဖြစ် ဖိလစ်ပိုင်ဟာ သန့်စင်နှုန်း ညံ့ဖျင်းတဲ့ လောင်စာဆီတွေကို ပြန်လည် သုံးစွဲခွင့် ပေးလိုက်ကြောင်း သိရပါတယ်။
အီရန်စစ်ပွဲကြောင့် တစ်ကမ္ဘာလုံးမှာ စွမ်းအင် ဖူလုံမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာ အခြေအနေတွေ ရင်ဆိုင်နေရချိန်မှာ ဖိလစ်ပိုင်က အခုလို အရေးပေါ် အစီအမံ တစ်ခုကို အသုံးပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Euro-II စံသတ်မှတ်ချက်နဲ့ ထုတ်လုပ်ထားတဲ့ လောင်စာဆီတွေကို သုံးစွဲခွင့်ပြုမယ့် မော်တော်ယာဉ်တွေနဲ့ စက်မှုလုပ်ငန်း အမျိုးအစားတွေကိုတော့ ကန့်သတ်ထားပါတယ်။
အဲဒီ ဆီတွေကို ၂၀၁၅ ခုနှစ် မတိုင်ခင် ထုတ်လုပ်ခဲ့တဲ့ အစောပိုင်း မော်ဒယ် ကားအဟောင်းတွေ၊ jeepneyလို့ခေါ်ပြီး ဂျစ်ကားတွေကို လူစီး ကိုယ်ထည် နောက်တွဲနဲ့ အလှဆင်ထားတဲ့ ဘတ်စ်ကားတွေ၊ ဓာတ်အားပေး စက်ရုံတွေ၊ မီးစက်တွေနဲ့ စက်မှုလုပ်ငန်းတချို့၊ ရေကြောင်းသွားလာရေး လုပ်ငန်းတွေမှာပဲ အသုံးပြုခွင့် ပေးမယ်လို့ ဖိလစ်ပိုင် အစိုးရရဲ့ စွမ်းအင်ဌာန (DOE)က ပြောပါတယ်။
အခုလို ယာယီ ဖြေလျှော့မှု အပြောင်းအလဲမျိုး သတ်မှတ်ပေးလိုက်တာက ပြည်တွင်း လောင်စာ ဖြန့်ဝေနိုင်မှုကို ဖူလုံအောင်၊ အဆင်ပြေအောင် ကူညီပေးဖို့နဲ့ လောင်စာ ပြတ်လပ်မှုကြောင့် အထိခိုက်ဆုံး ကဏ္ဍတွေမှာ အတတ်နိုင်ဆုံး ခုသာခံသာ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်း DOEက မတ်လ ၂၂ ရက်နေ့မှာ ကြေညာပါတယ်။

Public Service Announcement
Euro-II အဆင့်သတ်မှတ်ချက်နဲ့ လောင်စာဆီတွေ ထောက်ပံ့ပေးနိုင်တဲ့ ကုမ္ပဏီတွေ အနေနဲ့ သန့်စင်မှု စံနှုန်း မြင့်မားတဲ့ Euro-IV လောင်စာဆီတွေနဲ့ သီးခြားခွဲပြီး သိုလှောင်ဖို့၊ သယ်ယူပို့ဆောင်ဖို့၊ ရောင်းချဖို့လည်း DOEက ညွှန်ကြားခဲ့ပါတယ်။
Euro-II ဆိုတာဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းအဟောင်းတွေနဲ့ ညီညွတ်အောင် ထုတ်လုပ်ထားတဲ့ ဆီအမျိုးအစားဖြစ်ပြီး ဆာလ်ဖာ ပါဝင်မှု မြင့်မားပါတယ်။ စျေးပိုသက်သာပြီး လေထုညစ်ညမ်းမှုကိုလည်း ပိုမို ဆိုးရွားစေပါတယ်။ ဖိလစ်ပိုင်ဟာ Euro-IIအစား သန့်စင်မှု ပိုမိုကောင်းမွန်တဲ့ Euro-IV လောင်စာဆီတွေကို ပုံသေ စံသတ်မှတ်ချက်အဖြစ် အသုံးပြုဖို့ ၂၀၁၆ ခုနှစ်မှာ စတင် သတ်မှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖိလစ်ပိုင်မှာ ဒီဇယ်စျေးဟာ အီရန်စစ်ပွဲ မတိုင်ခင်တုန်းကထက် နှစ်ဆကျော်ထိ မြင့်တက်သွားတဲ့နောက် jeepney ယာဉ်မောင်းတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ပါတယ်။
ဖိလစ်ပိုင်ဟာ အရှေ့အလယ်ပိုင်းက တင်သွင်းတဲ့ လောင်စာဆီအပေါ် ကြီးကြီးမားမား မှီခိုနေရပြီး လက်ရှိ လောင်စာ အကျပ်အတည်းကြောင့် ကုန်စျေးနှုန်းတွေ ထိုးတက်လာတာ၊ ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်တွေ ပြတ်တောက်ကုန်တာမျိုး ဖြစ်နိုင်ကြောင်း စျေးကွက် သုတေသီတွေက သတိပေးထားပါတယ်။
ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ သူ့ရဲ့ အစိုးရဟာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဘရူနိုင်းတို့နဲ့ ဆက်သွယ်ပြီး လောင်စာဆီ တင်သွင်းမှုနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေကို စုံစမ်းနေကြောင်း ပြောကြားထားပါတယ်။ ပြီးတော့ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အခုလထဲမှာ ရုရှားဆီက ရေနံကို တင်သွင်းဖို့လည်း ဖိလစ်ပိုင်က စီစဉ်နေကြောင်း သိရပါတယ်။
ကိုးကား: Reuters




















































