အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရာဇသံပေး ခြိမ်းခြောက်ထားတဲ့အတိုင်း တိုက်ခိုက်မှုတွေ လက်တွေ့ လုပ်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေရဲ့ စွမ်းအင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။
မတ်လ ၂၁ ရက်နေ့မှာ ထရမ့်က နောက်ထပ် ၄၈ နာရီအတွင်း ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မပေးဘူးဆိုရင် အီရန်ရဲ့ ဓာတ်အားပေး စနစ်ကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဟောမုဇ်ဟာ အီရန်တောင်ပိုင်း ကမ်းလွန်မှာ တည်ရှိပြီး ကမ္ဘာအနှံ့ တင်ပို့နေတဲ့ ရေနံပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို သယ်ယူလေ့ရှိတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ချိန် ကတည်းက အီရန်ဟာ အဲဒီ ရေလက်ကြားကို ပိတ်ချထားလိုက်ပြီး အကျိုးဆက်အဖြစ် တစ်ကမ္ဘာလုံးမှာ လောင်စာနဲ့ စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာပါတယ်။
မတ်လ ၂၂ ရက်နေ့မှာ အီရန်က တကယ်လို့ ထရမ့်ပြောထားတဲ့အတိုင်း အမေရိကန်က နိုင်ငံရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်လာမယ်ဆိုရင် အီရန်ဖက်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်း ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ စွမ်းအင်နဲ့ ရေသန့်စင် သိုလှောင်မှု စနစ်တွေကို တိုက်ခိုက် ဖျက်ဆီးရလိမ့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ပွဲကြောင့် လက်ရှိမှာတောင် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရှုပ်အထွေးကြီးတွေ ဖြစ်ပေါ်နေတာကြောင့် တကယ်လို့သာ နှစ်ဖက်စလုံးက အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်နေဦးမယ်ဆိုရင် အခြေအနေတွေက ဆိုးသထက် ဆိုးလာနိုင်ပါတယ်။

Public Service Announcement
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ ဒုံးကျည်ပစ်စင် အများအပြားကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖြိုခွင်းခဲ့ပြီးဖြစ်ကြောင်း ကြွေးကြော်ထားပေမယ့် အီရန်ဟာ ဒေသတွင်းက လက်လှမ်းမီတဲ့ အမေရိကန် မဟာမိတ် နိုင်ငံတွေဆီ ဒုံးကျည်တွေ ဆက်လက် ပစ်ခတ်နေနိုင်ဆဲဆိုတာ ပြသထားပါတယ်။ မတ်လ ၂၂ ရက်နေ့ကလည်း အစ္စရေးရဲ့ တဲလ်အဗစ်ဗ်မြို့၊ အစ္စရေး ထိန်းချုပ်ထားရာ အနောက်ဖက် ကမ်းခြေဒေသတွေမှာ အီရန် ဒုံးကျည်တွေ ဦးတည်ပျံသန်းလာမှုကြောင့် လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ ဆူညံနေခဲ့ပါတယ်။
ထရမ့်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အီရန် စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ အီဘရာဟင် ဇိုလ်ဖာကာရီက တုံ့ပြန်ခဲ့ရာမှာတော့ ရန်သူက အီရန်ရဲ့ လောင်စာနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်လာမယ် ဆိုရင် ရန်သူ့ အဆောက်အအုံတွေ၊ အမေရိကန်နဲ့ ဒေသတွင်း အစိုးရတွေရဲ့ အိုင်တီ နည်းပညာ ဌာနတွေ၊ ပင်လယ်ရေကို ရေချိုအဖြစ် သန့်စင်တဲ့ စက်ရုံတွေကို အီရန်ကလည်း ကြိုပြောထားတဲ့အတိုင်း ပစ်မှတ်ထားရလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံအများစုဟာ ပူပြင်းလှတဲ့ သဲကန္တာရတွေထဲမှာ တည်ရှိပြီး လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဖြူးပေးထားနိုင်ခြင်းကြောင့် လူအများ အခြေချ နေထိုင်ဖို့ သင့်တော်တဲ့ အခြေအနေမျိုး ရှိနေတာ ဖြစ်ပါတယ်။ တကယ်လို့ နှစ်ဖက်စလုံးက ဓာတ်အားပေး ကွန်ရက်တွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်ကြမယ်ဆိုရင် ဒေသတွင်း နိုင်ငံတိုင်းမှာ ပြင်းထန်ဆိုးရွားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက ထောက်ပြထားကြပါတယ်။ နောက်ပြီး ဘာရိန်းနဲ့ ကာတာတို့မှာ သုံးစွဲနေတဲ့ ရေချိုအားလုံးဟာလည်း လျှပ်စစ်ဓာတ်အားနဲ့ လည်ပတ်တဲ့ ရေသန့်စင်ရေး စက်ရုံတွေကနေ ထုတ်လုပ်ယူထားရတာလို့ သိရှိရပါတယ်။




















































