မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ
မတ်-၁၀၊၂၀၂၆။မိုမို/People’s Spring
မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။
စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
“ ပြီးခဲ့တဲ့ ၂နှစ်လောက်က တထောင်တန်ပစ္စည်းတစ်ခုက ဒီနေ့ သုံးထောင် ဖြစ်နေပြီ။တစ်သောင်းတန် တစ်ရွက်က ရှာလို့သာခက်တာ အဲဒါပိုက်ဆံနဲ့ စျေးသွားလို့မရတော့ဘူး” လို့ ရန်ကုန်မြို့နေ အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ အတော်လေး ဒုက္ခရောက်နေကြရပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေကြောင့် လူပေါင်းများစွာဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေကို သွားနေကြရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရကာ ထိခိုက်နစ်နာတဲ့ အရပ်သားတွေ အများကြီး ရှိနေတယ်လို့လည်း UNOCHA က ပြောပါတယ်။
ဒါ့အပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဟာ လုံခြုံရေး အခက်အခဲ၊ ရန်ပုံငွေ မလုံလောက်မှုနဲ့ သွားလာရေး ကန့်သတ်ချက်တွေရှိနေတယ်လို့လည်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံနေရတဲ့ ပြည်သူ နှစ်သန်းခွဲကျော်ကို အဓိကထား ကူညီဖို့ ပြင်ဆင်နေတယ်လို့ အသိပေးပါတယ်။
“ ကုလအဖွဲ့အစည်းတွေအနေနဲ့ တကယ်အကူအညီရဖို့လိုနေတဲ့ စစ်ကြောင့် ရွှေ့ပြောင်းနေရသူတွေဆီကို ရောက်ဖို့ကြိုးစား ပေးစေချင်ပါတယ်” လို့ ကရင်နီပြည်နယ် စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စုစုပေါင်း လူဦးရေ ငါးသန်းဆီကို အသက်ကယ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ ရောက်ရှိနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၈၉၀ သန်း ရရှိဖို့ အလှူရှင်တွေကို တောင်းဆိုထားတယ်လို့လည်း UNOCHA က ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆ မတန် ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာ ပြည်ပငွေလဲနှုန်းတွေအပြင် ပြည်တွင်းရွှေစျေးက စံချိန်တင် ဖြစ်နေပါတယ်။
နိုင်ငံငွေကြေးစနစ်ကို ထိန်းချုပ်ခဲ့တဲ့စစ်တပ်လက် အောက်မှာ မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၅ မှာ မြန်မာ့ငွေ ကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။
ငွေစက္ကူအသစ်တွေ အလွန်အကျွံထုတ်မှုကနေ ငွေကြေးစီးဆင်းမှုများပြားလာတဲ့အခါ ဝယ်လိုအားမြင့်တက်လာပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းတာတွေ ဖြစ်လာပါတယ်။

















































