မတ် – ၁၀ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)နယ်မြေထဲကို အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာပြီး လူသေဆုံးမှုနဲ့အဆောက် အဦးတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုကပြောပါတယ်။
မတ်လ ၇ ရက်က ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကျောက်တောင်ကျေးရွာအုပ်စု၊ နော်ဝီထာကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့အဆောက် အဦးသုံးလုံး ထိခိုက်ပျက်စီးသွားပါတယ်။
ဒါပေမယ့် လူထိခိုက်မှုမရှိဘူးလို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement
နောက်ရက် မတ်လ ၈ ရက် ၊ညနက်ပိုင်း ၁၁ နာရီအချိန်မှာတော့ ဒွယ်လိုးမြို့နယ်ထဲကပဲ မယ်ကော်လော်ကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲရာမှာ အိမ်နှစ်လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး မိသားစုတစ်စု လည်း ထိခိုက်သေဆုံး မှု ရှိတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။
“ မိသားစုတစ်စုပေါ့လေ၊ ထိခိုက်ဒဏ်ရာရရှိပြီးတော့ သေဆုံးတာတွေရှိတယ်ပေါ့” လို့ သူက ဆိုပါတယ်။
မိခင်ဖြစ်သူသေဆုံးပြီး အမျိုးသားနဲ့ ၂နှစ်အရွယ် သားဖြစ်သူလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုရဲ့ပြောကြားချက်အရသိရပါတယ်။
မယ်ကော်လော်ကျေးရွာထဲ စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးရတာတွေကို ကရင်အမျိုးသမီးအစည်းအရုံး (KWO)က လည်း မှတ်တမ်းပုံတွေနဲ့တကွ မတ်လ ၉ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မနေ့ (မတ်လ ၉)ရက်နေ့ နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ သေးမူဒဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာထဲကို လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ဘုရားကျောင်းတစ်ကျောင်းနဲ့ ဆန်အိတ်တွေ ထိခိုက်ပျက်စီးသွားခဲ့သလို ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ကာ ငါး ဦး ဒဏ်ရာရရှိတယ်လို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ အခြေအနေကတော့ တဖြည်းဖြည်းပေါ့လေ သူတို့(စစ်တပ်)ပိုပြီးတော့ လေကြောင်းသုံးစွဲမှုပေါ့၊ ပိုပြီးတော့များလာတာပေါ့” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုကပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကလည်း ရွေးကောက်ပွဲနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုကျူးလွန်နေတယ်လို့ မတ်လ(၉)ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိ KNU-ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကာ ဖာပွန်ဗျူဟာ တိုက်ခိုက်မခံရရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ နေ့စဉ် လာရောက်ပစ်ကူပေးနေသလို ဖာပွန်ခရိုင်ထဲက ကျေးရွာတွေကိုလည်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။
ဖာပွန်ခရိုင်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ့ရပုံ
ဓာတ်ပုံ – KWO

















































