မတ်-၈၊၂၀၂၆။အိမ်သွင်/People’s Spring
ကနီမြို့နယ်မှာအလှူအိမ်ကို လက်နက်ကြီးနဲ့ပစ်ပြီး ရဟန်းနဲ့ မောင်ရင်လောင်းတွေအပါအဝင် ပြည်သူ ၇ ဦးကိုသတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို ULF စစ်ကြောင်းကပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့အတူ မိုင်းဆွဲတိုက်ခိုက်တာလို့ ယင်းမာပင်မြို့နယ် ပကဖ ULFစစ်ကြောင်းက မတ်လ ၈ရက်မှာ သတင်းထုတ်ပြန်တာပါ။
အဲဒီစစ်ကြောင်းက မတ်လ ၇ ရက်နေ့၊ နေ့ခင်းပိုင်းမှာယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမှာတပ်စွဲထားတဲ့စစ်တပ်က ကနီမြို့နယ်၊နတ်လာပို့တောင်ရွာမှာရှင်ပြု အလှူပွဲလုပ်နေတဲ့အိမ်ကိုလက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့တာလို့သိရပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အပြင်အသေခံ ဒရုန်းနဲ့ပါတိုက်ခိုက်တာကြောင့် အလှူပရိတ်တရားနာအပြီး သာသနာ့ဘောင် ဝင်ရောက်တောမယ့် ရှင်သာမဏေနှစ်ပါး အပါအဝင် ပရိတ်တရားနာကြားနေတဲ့ ပြည်သူငါးဦး သေဆုံးခဲ့တယ်လို့ ULFစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

ဒါ့အပြင် ဒဏ်ရာရပြည်သူ တစ်ဒါဇင်ကျော်ရှိခဲ့ပြီး အသက်၂၅ နှစ် နဲ့၃၀ နှစ်ဝန်းကျင် အမျိုးသားနှစ်ဦးကတော့ ဆေးရုံပို့ချိန် လမ်းမှာတင်သေဆုံးသွားလို့ သေဆုံးသူ ၇ ဦးရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သံဃာတော် တစ်ပါးလည်းပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံမှတ်တမ်းကိုလည်း ULFစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးသူများပြားခဲ့တယ်လို့ ကနဦးသိထားပြီး အသေးစိတ်အတည်ပြုနေဆဲလို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ ကနီမြို့နယ်မှာလည်း အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကြောင်းရှိသလို ယင်းမာပင်၊ကနီမြို့နယ်တွေနဲ့ ဆက်စပ်နေတဲ့ ပုလဲမြို့နယ်မှာလည်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေပါတယ်။
မတ်လ ၄ရက်နေ့ကလည်းပုလဲမြို့နယ်၊ မရိုးတုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။ကနီနဲ့ ပုလဲမြို့နယ်ဟာ ယင်းမာပင်ခရိုင်မှာပါဝင်ပြီး စစ်တပ်စစ်ကြောင်းတွေရဲ့ အန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူသောင်းနဲ့ချီပြီး ရှိပါတယ်။
ရုပ်သံ-ULF
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

















































