အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်ထဲမှာ ဖက်ဒရယ် အစိုးရ အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒုတိယအကြိမ် လူသေဆုံးမှု ဖြစ်ခဲ့တဲ့နောက် ပြည်သူတွေ အနေနဲ့ မကျေနပ်မှုတွေကို ဖွင့်ထုတ်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့ အချိန်ကျလာပြီလို့ သမ္မတဟောင်းတွေဖြစ်တဲ့ ဘာရတ်အိုဘားမားနဲ့ ဘီလ်ကလင်တန်တို့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မင်နီဆိုးတားပြည်နယ်ရဲ့ မင်နီယာပိုးလစ် မြို့ထဲမှာ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (DHS) လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာနခွဲ (ICE)က လုပ်ဆောင်နေတဲ့ ရွှေ့ပြောင်းအခြေချမှု ဖြိုခွင်းရေး မစ်ရှင်တွေကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေနဲ့ ဖက်ဒရယ် အစိုးရ အေးဂျင့်တွေကြား ပဋိပက္ခတစ်ခု ဖြစ်ပေါ်ခဲ့ရာက ဆန္ဒပြသူ တစ်ဦးကို အေးဂျင့်တွေက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အမျိုးသား သူနာပြု တစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် အဲလက်စ် ပရက်တီ သေဆုံးခဲ့ပါတယ်။ လဆန်းပိုင်းတုန်းကလည်း မင်နီယာပိုးလစ်မှာ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ICE အေးဂျင့်တွေက ပစ်သတ်ခဲ့ပါသေးတယ်။ ဖြစ်စဉ်နှစ်ခုစလုံးမှာ သေဆုံးသူတွေက ဖက်ဒရယ်အေးဂျင့်တွေကို အသက်အန္တရာယ် ရန်မူ ခြိမ်းခြောက်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ်ခတ်ခဲ့ရတာပါလို့ အစိုးရက ဖြေရှင်းထားပေမယ့် ဖြစ်စဉ်တွေရဲ့ မှတ်တမ်းဗီဒီယိုတွေကတော့ အဲဒီအဆိုတွေနဲ့ ကွဲလွဲမှုတွေ အများကြီး ရှိနေပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတဟောင်း နှစ်ဦးဖြစ်တဲ့ ကလင်တန်နဲ့ အိုဘားမားတို့က ပရက်တီ သေဆုံးမှုဟာ အမေရိကန်အတွက် လှုပ်နှိုးလိုက်တဲ့ ကိစ္စတစ်ခု၊ အနာဂတ်ကို ပုံဖော်ဖို့အတွက် အရေးကြီးတဲ့ အခိုက်အတန့်တစ်ခု ဖြစ်လာကြောင်း ပြောကြားခဲ့ကြပါတယ်။

Public Service Announcement
အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ချယ်လ် အိုဘားမားတို့က ဒီကိစ္စဟာ ပါတီစွဲ၊ အယူအစွဲတွေကို ဘေးဖယ်ပြီး အမေရိကန် နိုင်ငံသားအားလုံးအတွက် နိုးထသင့်ပြီဆိုတဲ့ တပ်လှန့်မှုလို့ ယူဆသင့်ကြောင်း၊ အမေရိကန်ရဲ့ အမြုတေ စံတန်ဖိုးတွေဟာ စော်ကား တိုက်ခိုက်တာ ခံနေရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နောက်ပြီး DHS ဝန်ထမ်းတွေဟာ လူထုကို ထိတွေ့ကိုင်တွယ်ချိန်မှာ မကြုံဖူးလောက်အောင် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်နေတယ်လို့ အိုဘားမား ဇနီးမောင်နှံက စွပ်စွဲခဲ့ပါတယ်။

အမေရိကန်ရဲ့ မြို့ကြီးတစ်ခုမှာ ICEရဲ့ မျက်နှာဖုံးဝတ် ဝန်ထမ်းတွေက ဒေသခံတွေအပေါ် ဖိနှိပ်ဖို့၊ နှောင့်ယှက်ဖို့၊ ရန်စဖို့၊ ရန်ပြုဖို့ ရည်ရွယ်ထားတဲ့ မကြုံဖူးတဲ့ နည်းလမ်းတွေ သုံးနေသလို ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် အပြစ်ပေး မခံရဘဲ ကင်းလွတ်ခွင့် ရနေတာကို တစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ ဒေါသထွက်ပိုင်ခွင့်ရှိတယ်လို့ အိုဘားမားက ဝေဖန်ထားပါတယ်။
ကလင်တန်ကလည်း မင်နီယာပိုးလစ်မှာ ဖြစ်နေတဲ့ မြင်ကွင်းတွေက တုန်လှုပ်စရာ ကောင်းလွန်းတယ်လို့ ပြောပါတယ်။ လူ့ဘဝ သက်တမ်းတလျှောက် အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်မှုတွေဟာ အနာဂတ်ကို ပုံဖော်မယ့် အချိုးအကွေ့တွေ ဖြစ်ခဲ့တာမျိုး အနည်းအကျဉ်းလောက်သာ ကြုံခဲ့ကြကြောင်း၊ လက်ရှိဟာ အဲဒီလို အခြေအနေမျိုးထဲက တစ်ခုဖြစ်နေကြောင်း ကလင်တန်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ နောက်ပြီး အာဏာပိုင်တွေဟာ ပြည်သူတွေက ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တဲ့ ကိစ္စတွေကိုတောင် မယုံကြပါနဲ့ဆိုပြီး ဗြောင်လိမ်ဗြောင်စား လုပ်နေကြောင်းလည်း ကလင်တန်က ဝေဖန်ထားပါတယ်။
အမေရိကန် ဒီမိုကရေစီက ကတိပြု အပ်နှင်းထားတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ဆက်ပြီး ယုံကြည်နေနိုင်ရေး၊ အမေရိကန်နိုင်ငံဟာ အမေရိကန် ပြည်သူတွေရဲ့ စီမံဆုံးဖြတ်ခွင့်နဲ့သာ သက်ဆိုင်တယ် ဆိုတာကို ဆက်ပြီး သေချာနေစေရေးအတွက် ပြည်သူတွေက တာဝန်ယူရမယ့် အခြေအနေ ဖြစ်လာတယ်လို့လည်း သူက ပြောကြားသွားပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ အဘီဂေးလ် ဂျက်ဆန်ကတော့ အိုဘားမားဟာ လက်ရှိ ရှုပ်ထွေးနေတဲ့ အခြေအနေ တစ်ခုကို အခွင့်ကောင်းယူပြီး သွေးကွဲမှုတွေ ပိုဆိုးအောင် သပ်လျှိုနေတာလို့ တုံ့ပြန်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ အိုဘားမားနဲ့ ဒီမိုကရက်တွေရဲ့ လုပ်ရပ်ဟာ အမေရိကန်ဆီ တရားမဝင် ရွှေ့ပြောင်း အခြေချလာပြီး လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ဒုစရိုက်သမားတွေကို ကာကွယ်ရင်း တရားဥပဒေ စိုးမိုးရေး အရာရှိတွေကို တိုက်ခိုက်နေတာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကလင်တန်ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်လို့တော့ ဂျက်ဆန်က တကယ်ဆိုရင် ကလင်တန်ဟာ သူ့အဆက်အသွယ်တွေကို သုံးပြီး မင်နီဆိုးတားမှာရှိတဲ့ မုဒိမ်းသမား၊ လူသတ်သမားတွေနဲ့ သက်ငယ်မုဒိမ်းသမားတွေကို နှိမ်နင်းနေတဲ့ ဖက်ဒရယ် အစိုးရ အရာရှိတွေကို ဒေသခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေက ကူညီအောင် တိုက်တွန်းပေးသင့်ကြောင်း၊ အဲဒီအစား ဒုစရိုက်ကောင်တွေကို ခိုလှုံခွင့် ပေးနေတာမျိုးကို အားမပေးသင့်ကြောင်း တုံ့ပြန်သွားပါတယ်။
ကိုးကား: Guardian
ဓာတ်ပုံ – Getty Images, AP

















































