— မအေးမြင့်အောင်အောင်
ဌာနကြီးမှူး
မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ
⦿ ၅ နှစ်တာကာလအတွင်း လူထုတော်လှန်ရေးရဲ့ အားနည်းချက်၊ အားသာချက်။

Public Service Announcement
မအေးမြင့်အောင်အောင်– ဒီတော်လှန်ရေး ၅ နှစ်တာကာလအတွင်းမှာ ကျနော်တို့ တော်လှန်ရေးစတုန်းက မျှော်လင့်ထားတဲ့၊ မျှော်မှန်းထားတဲ့၊ မျှော်ရည်ထားတဲ့ Goal တွေ ရှိတယ်ပေါ့ဗျာ။ တော်လှန်ရေးကို ဒီလောက်ကြာမယ်လို့လည်း ကျနော်တို့က မထင်ထားဘူးပေါ့။ မှန်ပါတယ်၊ တော်လှန်ရေးဆိုတာ ၁ နှစ် ၂ နှစ်နဲ့ ပြီးတဲ့အရာတော့ မဟုတ်မှန်းလည်း ကျနော်တို့ ကောင်းကောင်း မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဒီ ၅ နှစ် တာ ကာလဟာ ကျနော်တို့အတွက် အကြီးမားဆုံးသော သင်ခန်းစာတွေရတဲ့ နှစ်လို့ပဲ ပြောချင်ပါတယ်။ အဲဒီမှာမှ အားနည်းချက်လို့ပြောမယ်ဆိုရင်တော့ ကျနော်ဒီဟာကိုပဲ ခဏခဏ ပြောပြလွန်းလို့ ကျနော့ကို တစ်ချို့သော ဒီ Negative နဲ့ တွဲမြင်တဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျနော်အမြဲပြောခဲ့သလိုပဲ တော်လှန်ရေးရဲ့ ဦးဆောင်တဲ့ တပ်ဦးလို့ခေါ်တဲ့အရာပေါ့။ ဒီတပ်ဦးရဲ့ Leadership နဲ့ Management ပေါ့။ ခေါင်းဆောင်မှုအပိုင်းနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို ကျနော်တို့က ထောက်ပြချင်တယ်။ ဒီအားနည်းချက်အနေနဲ့။
အဲ့လိုပြောရင် တော်လှန်ရေးရဲ့ တပ်ဦးလို့ပြောရင် ပြည်သူလူထုအများစုရော တော်လှန်ရေး အင်အားစု အများစုရော ဘယ်ကိုမြင်လဲဆိုတော့ NUG အစိုးရကိုပဲ မြင်ပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့က NUG ကို တော်လှန်ရေးတပ်ဦးအနေနဲ့ ရှုမြင်တယ်ပေါ့။ ဒါပေမဲ့ တော်လှန်ရေးရဲ့ တပ်ဦးဟာ ဒီ ၅ နှစ်တာကာလ အတွင်းမှာ ခေါင်းဆောင်မှုအပိုင်းမှာရော၊ စီမံခန့်ခွဲမှုအပိုင်းမှာရော အများကြီးပေါ့လေ။ အားနည်းချက်တွေ အများကြီးရှိခဲ့တယ်ဆိုတာကို မြင်ရပါတယ်။ ဆိုတော့ လာမယ့် ၂၀၂၆ အခင်းအကျင်းက ပိုပြီးတော့တောင်မှ လက်ရှိတော်လှန်ရေးအတွက် စိန်ခေါ်ချက်များမယ့် နှစ်တွေပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဟာ သူလုပ်စရာရှိတဲ့အလုပ်တွေကို တောက်လျှောက် တစိုက်မတ်မတ် Consistency ရှိရှိ လုပ်နေရင်းနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးတယ်။ ဒီအတုအယောင် ရွေးကောက်ပွဲကနေပြီးတော့ သူရဲ့ ဒီအရပ်သားအစိုးရ ဒီအတုအယောင် အရပ်သားအစိုးရကို အသွင်သဏ္ဍာန်ကူးပြောင်းပြီးတော့ သူတို့ တရွေ့ရွေ့နဲ့ သွားနေတယ်ပေါ့လေ။
ဒီ ၅ နှစ်တာကာလအတွင်းမှာ ကျနော်တို့အနေနဲ့ တော်လှန်ရေးတပ်ဦးအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့၊ အဓိက ဗျူဟာကျတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတွေ၊ နောက်တခုကဘာလဲဆိုတော့ ကျနော်တို့ဘက်မှာ နိုင်ငံခြားရေးနဲ့ ဆက်စပ်နေတဲ့ စစ်ရေးတွေ၊ တဖက်မှာ လူထုစီးပွား အကျပ်အတည်း အခက်အခဲတွေ ဒါတွေကအားလုံးဆက်စပ်နေတာပါ။ ဒါတွေကို တော်လှန်ရေးတပ်ဦးအနေနဲ့ လာမယ့် ၂၀၂၆ တော်လှန်နှစ်တွေမှာ ဒီအားနည်းချက်တွေကို ပြန်ကြည့်ပြီးတော့ အလုပ်ပိုလုပ်ကြဖို့ လိုမယ်လို့တော့ ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ အားသာချက်ထက် အားနည်းချက်တွေကို အကောင်းဆုံးဒီအချိန်မှာ ပြန်သုံးသပ်ဖို့လိုမယ်။ နောက်တစ်ခုက ဘာလဲဆိုရင် တော်လှန်ရေးကို အားသာချက်တွေပဲရှိပါတယ်။ ငါတို့နိုင်တော့မှာပါဆိုတဲ့ ကိုယ့်ကိုကိုယ် တလွဲ Motivation တွေပေးပြီးတော့ တကယ့်အရှိတရားကို မမြင်တော့ဘဲနဲ့ တလွဲ Motivation တွေပေးပြီးတော့ လာမယ့်တော်လှန်နှစ်တွေကို မဖြတ်သန်းစေချင်ဘူးလို့ ကျနော်ကတော့ တော်လှန်ရေးတပ်ဦးရော၊ တခြားတော်လှန်ရေးအင်အားစုတွေရော၊ ကျနော်တို့ကိုယ်တိုင်ရော ဒီလိုမျိုးရှုမြင်သင့်တယ်လို့ ကျတော်ကတော့ မြင်မိပါတယ်။
⦿ နှစ်ဟောင်းမှာ ဘယ်လိုအရာတွေကို ထားခဲ့စေချင်သလဲ။
မအေးမြင့်အောင်အောင်– ဒီတော်လှန်ရေးမှာ အင်မတန်မှ အဓိကကျတဲ့အရာလို့ မြင်တယ်ဗျာ။ ကျနော်တို့ ဒီ ၅ နှစ်တာကာလအတွင်းမှာ ကျနော်တို့ မညီမညွတ် ဖြစ်ခဲ့တာတွေ အများကြီးရှိတယ်။ ကျနော်တို့ တိုက်နေရတဲ့ ဘုံရန်သူက တဦးတည်းဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်တဲ့ထုပေါ့လေ၊ တဖက်မှာ ပြည်သူလူထုရဲ့ လူထုပါဝင်တဲ့ လူထုလှုပ်ရှားမှုတိုက်ပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေ၊ တဖက်မှာ အစိုးရချင်း အားပြိုင်တဲ့ တိုက်ပွဲတွေ၊ နိုင်ငံတကာတိုက်ပွဲတွေပေါ့။ ဒီတိုက်ပွဲတွေ ဒီတိုက်ပွဲတွေနဲ့ ကျနော်တို့က သွားနေတဲ့အခါမှာ တိုက်နေတဲ့ ရန်သူက ထုက တဦးတည်းပေါ့နော်။ တဦးတည်းကိုမှ ကျတော်တို့ကြားမှာ မညီမညွတ်တွေ အများကြီးဖြစ်ခဲ့လို့ တော်လှန်ရေးဟာ တော်တော်လေးကြန့်ကြာရတဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ်။ ဒီဘက်အခြေအနေနဲ့ ဒီ ၅ နှစ် ပြန်တိုင်းကြည့်တဲ့အခါမှာ အများကြီးကွာခြားသွားတယ်။ လူလတ်တန်းစားတွေက အခြေခံ လူတန်းစားတွေဖြစ်သွားတယ်။ ချမ်းသာတဲ့သူတွေက လူလတ်တန်းစားဖြစ်သွားတယ်။
၅ နှစ်တာအတွင်းမှာ ကျတော်တို့ ကပ်တွေလည်း အများကြီးရင်ဆိုင်ရတယ်။ စစ်မှုထမ်းဥပဒေလည်း အပါအဝင်ပေါ့လေ။ ဒီအကျပ်အတည်းများစွာကို ရင်ဆိုင်ရတဲ့ အခါမှာ တဖက်မှာ ပြည်သူကဘာပြောလဲဆိုတော့ ငါတို့က ဒီမှာပါနေပြီ ငါတို့ အိုးပစ် အိမ်ပစ် တော်လှန်ရေးမှာ ဒီလောက်ပါဝင်ပေးတာတောင်မှ မင်းတို့ တော်လှန်ရေးအင်အားစုတွေက မညီညွတ်နိုင်ဘူးလား၊ ဒီလောက်လေးတောင် မင်းတို့ မစည်းလုံးနိုင်ဘူးလားဆိုတဲ့ အမြင်သဘောထားတွေရှိကြတယ်။ ဥပမာ ကျနော်တို့ ရွာတွေမှာပဲ ဆိုဆိုပေါ့။ ရွာတွေမှာပဲ သွားသွား။ ကျတော်တို့ အညာဒေသကိုရောက်တယ်။ အဲမှာ ရွာတရွာကို ရောက်တယ်ဆိုရင် အဲရွာမှာရှိတဲ့ အဖွဲ့ ၃ ဖွဲ့က ၅ ဖွဲ့ ကွဲနေတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။
လာမယ့် ၂၀၂၆ တော်လှန်နှစ်တွေဟာ အင်မတန်မှ စိန်ခေါ်ချက်များတဲ့ နှစ်တွေဖြစ်တယ်။ စစ်ကောင်စီရဲ့ အတုအယောင် အရပ်သားအစိုးရ ပေါ်လာတော့မယ်။ ဒီအတုအယောင်အရပ်သားအစိုးရကို တန်ပြန်ပြီးတော့မှ ကျတော်တို့မှာ ယှဉ်နိုင်ဖိုု့ အားကောင်းတဲ့ Strong Leadership ကို ပေးနိုင်မယ့် ခေါင်းဆောင်မှု ပေးနိုင်မယ့် အစိုးရ ပေါ်ပေါက်ဖို့တော့ လိုအပ်လာပြီ။ လိုအပ်လာပြီဆီုတော့ အခုလာမယ့် NUG reform ကိုလည်း ဒီထက်ပိုပြီးတော့မှ Strong Leadership ကို တည်နိုင်မယ့် အစိုးရတရပ် ဖြစ်လာဖို့ကိုတော့ ကျတော်တို့ ဝိုင်းပြီးတော့ မျှော်လင့်နေတဲ့ အခြေအနေ ရှိတယ်။
တဖက်မှာလည်း လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုလှုပ်ရှားမှုကို ဟန်ချက်ညီညီနဲ့ သွားဖို့အတွက် အချိန်ကာလကောင်းတစ်ခုလည်း ဖြစ်တယ်လို့ ယူဆတယ်။
ကျတော်တို့အားလုံးက ကျတော်တို့လာရာကို အရမ်းမေ့ကြတယ်။ ကျတော်တို့ လားရာကိုလည်းမေ့ကြတယ်။ အားလုံးက ဒီတော်လှန်ရေးကာလမှာ ဘာဖြစ်လာလဲဆိုရင် အကျိုးစီးပွားတွေ အရမ်းများလာတဲ့ ပြဿနာတွေကို ကျတော်တို့မြင်ရတယ်။ ဒီကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားတွေ နွယ်လာတဲ့ ဖက်လာတဲ့ အပေါ်မှာလည်း ဒီအပေါ်မှာ အရေးယူဆောင်ရွက်မှုတွေ တဖက်မှာ အများကြီးလုပ်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ ဒါတွေကို ကျတော်တို့ထားခဲ့ပြီးတော့ တကယ့်တော်လှန်ရေးစစ်စစ်ကိုတော့ သွားနိုင်ဖို့မျှော်လင့်ပါတယ်။
⦿ ၂၀၂၆ မှာဖြစ်လာနိုင်တဲ့ အခင်းအကျင်းကို သုံးသပ်ပေးပါဦး။
မအေးမြင့်အောင်အောင်– ကျနော့်အမြင်ကတော့ လာမယ့်၂၀၂၆ Plus တော်လှန်နှစ်တွေပေါ့။ တော်လှန်နှစ်တွေမှာ ကျနော်တို့အမှန်တကယ် စကားပြောတာတွေ အများကြီးလျှော့ပြီးတော့ အလုပ်နဲ့ Performance ပြရမယ့် အချိန်ကာလလို့ ကျွန်တော်မြင်တယ်။ NUG ရဲ့ Performance က လာမယ့် ၂၀၂၆ တော်လှန်နှစ်တွေမှာ ကောင်းဖို့လို့တယ်။ ကျနော်အမြင်ကတော့ စစ်ရေးကလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်လို့ မြင်တယ်။ စစ်ရေးကလည်း နိုင်ငံတကာဆက်ဆံရေးနဲ့ ဆက်စပ်နေတယ်လို့မြင်တယ်။ အရှေ့မှာ တော်လှန် ၅ နှစ်တာကာလအတွင်းမှာ သင်ခန်းစာတွေအများကြီးရခဲ့ပြီလို့တော့ ထင်ပါတယ်။ လာမယ့် ၂၀၂၆ မှာဆိုရင် ကျနော်တို့ ဗမာလို့ပဲပြောပြော မြန်မာလို့ပဲပြောပြော ပေါ့နော်။ ကျနော်တို့ အမှန်တကယ် စည်းလုံးပြီးတော့ တိုက်ရမယ့်အချိန်ကာလလို့ပဲ မြင်တယ်။ အခုလည်း ဒီ့အတွက်ကို Federal Unit တွေ အညာဒေသမှာ အသီးသီး ပေါ်ထွက်လာတာကလည်း အင်မတန်ကောင်းတဲ့ အခင်းအကျင်းလို့ မြင်တယ်။ အခုဆိုရင် မန္တလေးဒေသထွက်လာပြီ။ စစ်ကိုင်းလည်းထွက်လာပြီ။ မကွေးမှာလည်းဒီနှစ်မကုန်ခင် ပေါ်ထွက်လာဖို့ အရင်ဆုံးဝန်ကြီးချုပ် ခန့်အပ်ပြီးပြီဆိုတော့ အင်မတန် ကောင်းတဲ့ အလားအလာတွေလို့ မြင်တယ်။ ပေါ်ထွက်လာတဲ့ Federal Unit အစိုးရတွေ အားကောင်းတယ်။ ကျနော်တို့ ရဲ့တပ်ဦးလို့ပဲခေါ်ခေါ် NUG အားကောင်းမယ်ဆိုရင် Performance တွေသာ ပြနိုင်မယ်ဆိုရင် စစ်ရေးနိုင်ငံရေး အတွဲဆက် လူထုလှုပ်ရှားမှုပေါ့နော် CDM တိုက်ပွဲ ဒီဟာတွေသာ တောက်လျှောက် ထုနဲ့ထည်နဲ့ ဆက်သွားမယ်ဆိုရင်တော့ တော်လှန်ရေးက အရင်ကထက်ပိုပြီးတော့ အားကောင်းတဲ့ အခြေအနေ အခင်းအကျင်းတွေကို မြင်လာရမယ်လိုထင်ပါတယ်။
⦿ စစ်တပ်ရဲ့ဝါဒဖြန့်ချိရေးတွေအပေါ်ဘယ်လိုသုံးသပ်ပါသလဲ။
မအေးမြင့်အောင်အောင်– ၅ နှစ်တာအတွင်းမှာ စစ်အုပ်စု ဝါဒဖြန့်မှုတစ်ချို့တဝက်က တော်တော်လေး အောင်မြင်ခဲ့တယ်လို့ ပြောလို့ရတယ်။ စစ်အုပ်စုရဲ့ PR ကိုပဲ ကျတော်တို့ Counter လုပ်ဖို့ ကျတော်တို့ က အများကြီးစဉ်းစားခဲ့ကြတာ။ တကယ်တမ်းက အဲဒီ PR တွေကို Reactive မဟုတ်ဘဲနဲ Proactive နည်းနဲ့သွားဖို့ကို ကျနော်တို့ ဘယ်တော့မှ မစဉ်းစားခဲ့ကြဘူး။ စစ်အုပ်စုက ဝါဒတခုဖြန့်မယ်။ အဲဒါကို ဘယ်လို Counter လုပ်မယ်ဆိုတာပဲ ကျနော်တို့စဉ်းစားကြတယ်။ ကျနော်တို့ တော်လှန်ရေးဘက်ကနေပြီးတော့ စစ်အုပ်စုဘက်ကို ဝါဒဘယ်လိုဖြန့်မလဲ ဘယ်လိုနည်းနာတွေသုံးမလဲဆိုတဲ့ စနစ်တကျပေါ့နော်။ PR ကိုစနစ်တကျသွားနိုင်ဖို့က အင်မတန်မှကို အားနည်းခဲ့တယ်လို့ ကျတော်ကထင်တယ်။ ဒါကြောင့်မို့လို့ GSCB အနေနဲ့လည်း ဒီကိစ္စကို အသေအချာလေးလေ့လာတယ်။ အခုလည်း ကျနော်တို့ PR ကဏ္ဍအတွက်ကို ဒီကရှေ့လျှောက်ပေါ့နော်။ အများကြီးပိုပြီးချိတ်ဆက်ပြီးတော့ လုပ်ဆောင်နိုင်ဖို့အတွက်ကိုလည်း ကျတော်တို့ ဒီ GSCB ဘက်မှာလည်း လုပ်ဆောင်နေတဲ့ အပိုင်းတွေ ရှိသလို တဖက်မှာ NUG ရဲ့ PR Team တွေကိုကိုင်နေတဲ့ ခေါင်းဆောင်တွေရှိတယ်ပေါ့၊။ ဒီခေါင်းဆောင်တွေကိုလည်း ဒီ PR ကိုစနစ်တကျ သွားနိုင်ဖို့အတွက်ကို တိုက်တွန်းနေတာမျိုးတွေလည်းရှိတယ်။
⦿ နှစ်သစ်မှာ လူထုအနေနဲ့ဘယ်လိုပုံစံမျိုးနဲ့ တော်လှန်ရေးမှာ ဆက်ပါဝင်သင့်သလဲ။
မအေးမြင့်အောင်အောင်– ကျတော်တို့ လူထုက မြို့ပေါ်မှာနေတဲ့ လူထုပဲဖြစ်ဖြစ်၊ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာနေတဲ့ လူထုပဲဖြစ်ဖြစ်ပေါ့နော်။ ပြည်ပရောက်နေတဲ့ ပြည်သူတွေပဲဖြစ်ဖြစ် ကျတော်တို့ပြည်သူတွေက ပြည်တွင်းမှာဆိုရင်လည်း စစ်နဲ့အတော်လေးပေါ့နော်။ စစ်ကာလတွေနဲ့ အတော်လေးအသားကျခဲ့တဲ့ လူထု။ ပြီးတော့ သူက ဘယ်အခင်းအကျင်းမှာဆိုရင် ဘယ်လို ကိုင်တွယ်ရမလဲ။ ဘာကို ကောင်းကောင်းလုပ်ရမလဲ။ သူတို့ဘာကိုလုပ်သင့်တယ်ဆိုတာ ကောင်းကောင်းသိတဲ့လူထုလို့ မြင်တယ်ပေါ့။ ဒါက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် Silent Strike မှာ လူထုကသက်သေပြခဲ့ပြီးဖြစ်သလို အခုလက်ရှိလုပ်နေတဲ့ စစ်ကောင်စီ ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ လူထုက သူ့နည်းသူ့ဟန်နဲ့ တစ်နည်းတစ်ဖုံ ပြသပြီးသားဖြစ်တယ်လို့ ကျတော်ကထင်တယ်။ အဲဒီတော့ လာမယ့်နှစ်တွေမှာ ကျတော်ရှေ့မှာ ပြောခဲ့သလိုပဲ ကျတော်တို့ တော်လှန်ရေးအင်အားစုတွေသာ ကောင်းကောင်း အလုပ်လုပ်ကြဖို့လိုမယ်။ ကျနော်တို့ Performance ကောင်းကောင်းပြနိုင်မယ်ဆိုရင် လူထုက ဒီအပေါ်မှာ ကျနော်တို့ရဲ့ နောက်က စီးမျောလိုက်ပါမှာပဲဖြစ်တယ်လို့ ကျနော်ကတော့ယုံကြည်ပါတယ်။ ကျတော်လူထုအပေါ်မှာ ၁၀၀% ယုံကြည်ပါတယ်။ သို့သော် ကျနော် စိတ်ပူတဲ့ အတိုင်းအတာတွေလည်းရှိတာပေါ့နော်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က တလွဲတွေ မလုပ်ဖို့တော့လိုတာပေါ့။ လူထုကဒီတော်လှန်ရေးအပေါ်မှာ စိတ်ပျက်မသွားသေးဘူး။ လူထုက အစိုးရတစ်ရပ်အပေါ်မှာ NUG အစိုးရအပေါ်မှာ ထောက်ခံမှုက စိတ်ပျက်မသွားသေးဘူး။ လူထုဟာ တော်လှန်ရေးမှာ သူရရာကဏ္ဍကနေ သူပါနေသေးတယ်။ ဒါဟာ ကျနော်တို့ကို ယုံကြည်လို့ပဲဖြစ်တယ်။ တော်လှန်ရေးမှာ ဦးဆောင်နေတဲ့သူတွေကို ယုံကြည်ကိုးစားလို့ပဲဖြစ်တယ်။ တော်လှန်ရေးမှာ ဦးဆောင်နေတဲ့သူတွေက တလွဲတွေမလုပ်ဖို့ ပြည်သူလူထုအကျိုးစီးပွားကိုပဲ အမြဲတစေ ရှေးရှုဖို့တော့လိုမယ်ဗျ။ အဲလိုမှမဟုတ်ဘူး ဆိုရင် ပြည်သူလူထုက တော်လှန်ရေးမှာ စိတ်ပျက်သွားတဲ့ အခြေအနေမျိုးကို သွားပြီးတော့ တွန်းပို့သလိုမျိုး ဖြစ်မယ်ဗျ။ ဒီဟာကိုတော့ အမြဲမပြတ် ကျတော်တို့ကြားမှာ သတိကပ်နေဖို့လိုမယ်လို့ ကျနော်ကတော့ထင်ပါတယ်။
⦿ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဘာတွေလုပ်နေသလဲ၊ ဘာတွေဆက်လုပ်ဖို့ရှိသလဲ။
မအေးမြင့်အောင်အောင်– ကျနော်တို့ MIGC က ကျဉ်းထဲကျပ်ထဲမှာ ဖွဲ့ခဲ့ရတယ်လို့ပြောလို့ရပါတယ်။ MIGC ဖွဲ့စည်းခဲ့တာက ၁၁ လပိုင်း ၂၈ ရက်နေ့မှာ စပြီးတော့ ဖွဲ့စည်းခဲ့တယ်။ ဒီမှာဆိုရင် အစုအဖွဲ့ ကိုယ်စားပြုမှု စုံတယ်ပေါ့။ ကျနော်တို့ဆို လူငယ်အစုအဖွဲ့ပေါ့။ ကျနော်တို့ MIGC ကို ပြောတာတွေလည်းရှိပါတယ်။ စုဖွဲ့တာ နောက်ကျတယ်။ ဒါမှမဟုတ် နယ်မြေတွေဆုံးရှုံးရတဲ့အချိန်မှာ စုဖွဲတယ်ဆိုတဲ့ တုန့်ပြန်မှုတွေလည်း ကောင်းကောင်းရပါတယ်။ ကျနော်တို့ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ ဒီဟာတွေနဲ့ ထီစပ်နေတဲ့ မိုးကုတ်ပေါ့နော်။ မိုးကုတ်လည်း အပါအဝင်ဖြစ်ပါတယ်။ ဆိုတော့ ဒီလေးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် သိန်းနဲ့ချီပြီးတော့ ရွှေ့ပြောင်းရေးကိစ္စတွေ၊ နေရာချထားရေးကိစ္စတွေ၊ ပြီးတော့ ဒီလူတွေအတွက် အမိုးအကာ၊ နေရာ၊ စားနပ်ရိက္ခာ စသည်ဖြင့် ပေါ့နော် ကျတော်တို့ MIGC ဘက်ကနေ အလုံးစုံတာဝန်ယူပေးရတဲ့ ရှိပါတယ်။
နောက်တစ်ခု ဒီမိသားစုဝင်တွေရဲ့ လူမှုစီးပွား အခြေအနေတွေကအစ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကအစ ကျနော်လက်ရှိမှာ တောက်လျှောက်သွားပြီးတော့ စီစဉ်နေရတဲ့ အပိုင်းတွေရှိပါတယ်။ နောက်တစ်ခုကတော့ Public Service ပေါ့နော်။ ကျနော့ကဏ္ဍကတော့ Public Service မှာလည်းပါပါတယ်။ နောက်တစ်ခု ပညာရေးကဏ္ဍနဲ့ ကျန်းမာရေး ကဏ္ဍမှာလည်း အတတ်နိုင်ဆုံး ကောင်းမွန်အောင်လို့ ဖြည့်ဆည်းပေးနေတဲ့ အပိုင်းတွေရှိပါတယ်။ ကျနော်တို့ ဖွဲ့စည်းထားတာက တလပဲရှိသေးတဲ့ အတွက်ကြောင့်မိုလို့ ကြားထဲမှာကတော့ တချို့လုပ်ငန်းတွေကတော့ ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်တွေ ကတော့ လောလောဆယ် လုပ်ဆောင်ရခြင်းမရှိသေးဘူး။ လက်ရှိမှာတော့ NUG နဲ့ ညှိုနှိုင်းဆွေးနွေးနေတဲ့ အပိုင်းလေးတွေရှိပါတယ်။ အဓိကကတော့ ဝန်ထမ်းယန္တရား လွှဲပြောင်းရေးကိစ္စတွေပေါ့နော်။ NUG ဘက်ကလည်း ဒီဝန်ထမ်းယန္တရား လွှဲပြောင်းရေးကိစ္စတွေကို ကျနော်တို့ကို အလုံးစုံပေးအပ်မယ်။ တစ်ချို့သောဒီ တိုက်ခိုက်ရေးဘက်မှာဆိုရင်တော့ ပြည်သူ့ကာကွယ်ရေး ပကဖ တွေကိုတော့ ၆ လတာ ပူးတွဲ အုပ်ချုပ်ဖို့ကိစ္စတွေ၊ နောက်တစ်ခုက အဲဒီ ကာကွယ်ရေး ကဏ္ဍတွေက လွဲရင် ကျန်တဲ့ ယန္တရားတွေအကုန်လုံးကို ကျတော်တို့ကို လွှဲပြောင်းပေးဖို့အတွက်လည်း လက်ရှိ မှာတော့ NUG နဲ့ ဆွေးနွေးနေတဲ့ အပိုင်းတွေရှိပါတယ်။ FSCC (ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်) နဲ့ ဆွေးနွေးနေတဲ့အပိုင်းတွေလည်း တောက်လျှောက်ရှိပါတယ်။
⦿ နှစ်သစ်အတွက်ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။
မအေးမြင့်အောင်အောင်– ပြည်သူတွေအနေနဲ့ အဆိုးရွားဆုံး ကာလတွေထဲမှာ ပြည်သူတွေက အသားကျနေပါပြီ။ အဓိက ကျနော်တို့ လိုအပ်တာက သက်လုံ ပဲလို့ မြင်ပါတယ်။ ကျနော်တို့ရဲ့ ခန္ဓာကိုယ်က ပြည်သူလူထုရော ပေါ့နော် အားလုံးက ဒီလောက်ဆိုးရွားတဲ့ အခြေအနေမှာတောင်မှ ကျနော်တို့ Resistance ကောင်းတယ်။ သက်လုံကောင်းတယ်ဆိုတာကို တကယ်ကို သက်သေပြနေတာပေါ့လေ။ ဆိုတော့ ဒီထက်ပိုဆိုးတာတွေ လာဦးမယ်။ အဲဒီအတွက်လည်း ပြည်သူလူထုက ဆိုးရွားနေတဲ့ အရာတွေကို ကြံ့ကြံ့ခံနိုင်ဖို့ပေါ့နော်။ သက်လုံကောင်းဖို့လိုပါမယ်။ သက်လုံဆိုတဲ့နေရာမှာ အများကြီးရှိတယ်ပေါ့လေ။ ကျနော်တို့ ကိုယ်အား စိတ်အားပေါ့လေ။ အများကြီးသက်လုံကောင်းဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ လာမယ့် ကြမ်းတမ်းလာမယ့်နှစ်တွေရော ကျနော်တို့ရဲ့ တော်လှန်ရေးရဲ့ ကောင်းလာမယ့် အခင်းအကျင်းတွေအတွက်ရော ကောင်းခြင်းဆိုးခြင်းတွေက အမြဲတမ်းဒွန်တွဲနေတဲ့ အတွက်ကြောင့်မိုလို့ ကျနော်တို့ ဒီအတွက်ကို ပြည်သူတွေအားလုံး အတူတကွပေါ့နော်။ ကျနော်ကတော့ အတူတူဖြတ်ကျော်ချင်ပါတယ်။ အခုလည်း အတူတူဖြတ်ကျော်နေသလို လာမယ့်နှစ်တွေမှာလည်း ကွပ်ကဲရေးမှူးလည်းပြောသွားတယ်။ ကျတော်တို့လို လူငယ်တွေ ရှိနေသရွေ့ ပြည်သူတွေမပူဖို့ ကျတော်ပြောချင်တယ်။
People’s Goal နဲ့ People’s Spring တို့ကစီစဥ်တဲ့ “ ၂၀၂၆ ကိုမျှော်ရည်ခြင်း-တော်လှန်လူငယ်များရဲ့ မာန်နဲ့အသံ” ဆိုတဲ့စကားဝိုင်းဆွေးနွေးချက်တွေထဲကနေ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ လူသာချင်းစာနာကူညီရေးနှင့်အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီးရဲ့ ဌာနကြီးမှူး မအေးမြင့်အောင်အောင်ရဲ့ ဆွေးနွေးချက်အချို့ကို ပြန်လည်ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။
စကားဝိုင်းမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ကွပ်ကဲရေးမှူး မောင်ဆောင်းခနဲ့ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ လူသာချင်းစာနာကူညီရေးနှင့်အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီးရဲ့ ဌာနကြီးမှူး မအေးမြင့်အောင်အောင်တို့ကို ဖိတ်ကြားထားပြီး Moderator အဖြစ် မဂျာမုန်းကဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။
စကားဝိုင်အပြည့်အစုံကိုတော့ Comment မှာပေးထားတဲ့ လင့်မှာ ဝင်ရောက်ကြည့်ရှု၊ နားဆင်နိုင်ပါတယ်။

















































