ဒီဇင်ဘာ-၂၉ ၊၂၀၂၅။မိုမို/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ တပ်မ (၉၉)က တပ်သားသစ် တစ်ဦးလက်နက်တွေ ယူလာပြီး အလင်းဝင်လာတယ်လို့ TYK ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အဲဒီ့တပ်သားက ပျူစောထီးအားကောင်းရာ တွင်းမကျေးရွာကနေ သရက်ကန်ရွာကို တပ်မ (၉၉)က တပ်သား ၂၀၀ခန့်နဲ့ ရိက္ခာပို့တဲ့ အခု ဒီဇင်ဘာ၂၆ ရက်က အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သားဟာ စစ်မှုထမ်း အပတ်စဥ်(၁၃)က (၂၅)နှစ်အရွယ် ကိုဆန်းမင်းအောင်ဖြစ်ပြီး MA3 တစ်လက်၊ ကျည် ဘောက် ငါးခုနဲ့ ကျည်တွေယူဆောင်လာတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို မျက်မြင်တွေ့ ခဲ့ရတာကြောင့် အလင်းဝင်လာတာ။နောက်ပြီး သူက ပေါ်တာဆွဲခံခဲ့ရတဲ့သူ” လို့ အထက်ပါ တာဝန်ရှိသူက ဘက်ပြောင်းလာတဲ့တပ်သားရဲ့ အခြေအနေကို ရှင်းပြပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ်အတွင် စစ်ကြောင်းထိုးနေတဲ့ တပ်မ(၉၉)က တပ်သား ခုနစ်ဦးအထိ အလင်းဝင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲမလုပ်နိုင်လို့ စစ်တပ်က အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရတဲ့ ပေါက် နဲ့ မြိုင်မြို့နယ်တွေကို စစ်တပ်က တပ်မ(၉၉)နဲ့ နိုဝင်ဘာလကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
အဲဒါကြောင့် ဒေသတွင်း တိုက်ပွဲတွေမကြာခဏ ဖြစ်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေအပြင် ပါရာမော်တာတစ်စီးပါ တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

















































