တာဝေးပစ် ခရုစ်ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ကြီးမှူး စောင့်ကြည့်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကင်မ်ဟာ မြောက်ကိုရီးယားရဲ့ စစ်အင်အားနဲ့ စစ်ရေးနည်းပညာ စွမ်းအားကို ထုတ်ပြတဲ့ အစီအစဉ်တွေကို ဆက်တိုက် သွားရောက်နေခဲ့ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့ကတော့ ခရုစ်ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်မှု တစ်ခုကို ခေါင်းဆောင်ကြီး ကင်မ်က သွားရောက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး ရလဒ်ကို အလွန်တရာ နှစ်ထောင်းအားရ ရှိခဲ့တယ်လို့ KCNAက ဆိုပါတယ်။
မဟာဗျူဟာ ခရုစ်ဒုံးကျည်တွေဟာ ကိုရီးယားကျွန်းဆွယ် အနောက်ဖက် ပင်လယ်ပြင် အထက်ကနေ သတ်မှတ် လမ်းကြောင်းတွေအတိုင်း ပျံသန်းခဲ့တယ်လို့လည်း သိရပါတယ်။ မဟာဗျူဟာဆိုတဲ့ အသုံးအနှုန်းအရ အဲဒီ စမ်းသပ်တဲ့ ဒုံးကျည်တွေမှာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်တယ်လို့ ယုံကြည်ရပါတယ်။
နျူကလီးယား ခြိမ်းခြောက်မှုတွေ ကြုံလာတဲ့ အချိန်ကျရင် မြောက်ကိုရီးယားရဲ့ တုံ့ပြန် ကိုင်တွယ်နိုင်စွမ်းက အသင့်အနေအထား ရှိနေအောင် ပြင်ဆင် လေ့ကျင့်နေဖို့ ဆိုတာဟာ လုံးဝ ပျက်ကွက်လို့ မရတဲ့ တာဝန်တစ်ခုလို့ ကင်မ်က ညွှန်ကြားခဲ့ကြောင်းလည်း KCNAက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
နောက်ပြီး နိုင်ငံရဲ့ နျူကလီးယား တိုက်ခိုက်ရေး တပ်တွေကို အကန့်အသတ်မရှိ စဉ်ဆက်မပြတ် အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမယ်လို့လည်း ကင်မ်က ကတိပြုခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားရဲ့ ပြုံယမ်းမြို့တော်နားမှာရှိတဲ့ ဆူနန်ဒေသကနေ ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည် တချို့ကို ထောက်လှမ်း တွေ့ရှိခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကင်မ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြောက်ကိုရီးယားရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်နေမှု လုပ်ငန်းခွင်ကိုလည်း သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ သွားရောက် စစ်ဆေးခဲ့ပါသေးတယ်။ ဂျူအေးဟာ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေပါတယ်။
ကင်မ်ဟာ မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ စမ်းသပ်မှု အစီအစဉ် တစ်ခုကိုလည်း ကွပ်ကဲခဲ့ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ သူဟာ စက္ကူစက်ရုံ အသစ်တစ်ခု ဖွင့်လှစ်တဲ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။
လာမယ့်နှစ်ဆန်းပိုင်းမှာ အာဏာရ အလုပ်သမားပါတီက ကြီးမှူးကျင်းပမယ့် ပြည်လုံးကျွတ် ညီလာခံ မတိုင်ခင်မှာ ကင်မ်ဟာ ဝါဒဖြန့်ချိရေးဆန်တဲ့ လူလုံးထွက်ပြမှုတွေကို ပိုပြီး လုပ်ပြနေပါတယ်။ ဒီဇင်ဘာလထဲမှာ ကင်မ်ဟာ စက်ရုံ အလုပ်ရုံတွေ၊ ဟိုတယ်တွေနဲ့ အပန်းဖြေဇုန်တွေ ဖွင့်လှစ်တဲ့ အခမ်းအနားတွေကို ဆက်တိုက် သွားရောက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ကိုးကား: Reuters

















































