စက်တင်ဘာ-၁၇၊၂၀၂၅။လူအေး/People’s Spring
ကလေးမြို့နယ်ရှိ စစ်တပ်၏ အမှတ်(၁၀)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၀) တွင်အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် ကို စစ်တပ်ကသင်တန်းပေးနေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိဖွင့်လှစ်ထားသောသင်တန်းတွင် အဆိုပါ ကသည်းလက်နက်ကိုင်အဖွဲ့မှအရာရှိက ၎င်း၏ ဇနီးကိုပါခေါ်ဆောင်လာပြီး တပ်ဖွဲ့ဝင် ၃၀ခန့်နှင့်အတူ သင်တန်းတက်နေခြင်းဖြစ်သည်ဟု မြို့ခံသတင်းရင်းမြစ်ကပြောသည်။
” အန္ဒိယအစိုးရကို တော်လှန်နေတဲ့အဖွဲ့ကို စစ်တပ်က သင်တန်းပေးနေတာ။ကသည်းတွေအနေနဲ့လည်းမလုပ်သင့်ဘူး။ရေရှည်ကိုကြည့်ဖို့လိုတယ်။ အခုကစစ်တပ်ထဲမှာမိသားစုလိုက်ရောက်နေပြီး သင်တန်းတက်နေတာ” ဟုမြို့ခံသတင်းရင်းမြစ်တဦးကပြောသည်။

Public Service Announcement
သင်တန်းတက်နေသောအဖွဲ့မှာကသည်းလက်နက်ကိုင်အဖွဲ့ -ULFAဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။သို့သော် People’s Spring အနေဖြင့် စစ်တပ် သင်တန်းတက်နေသူများမှာ ULFA အဖွဲ့မှလား ၊ အခြားကသည်းလက်နက်ကိုင်အဖွဲ့ဖြစ်သော UNLF မှလားဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကလေးခရိုင်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်အားမေးမြန်းရာ ကသည်းလက်နက်ကိုင်အဖွဲ့ဝင်များကို တကက(၁၀)တွင် စစ်တပ်ကသင်တန်းပေးနေသည့်သတင်းရထားကြောင်း လည်းပြောသည်။
ကလေးမြို့နယ်အတွင်းယခုလပိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများတွင် ULFA အဖွဲ့မှ အိန္ဒိယနိုင်ငံသားများက စစ်ကောင်စီဘက်မှဝင်ရောက်တိုက်ခိုက်ပေးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက စက်တင်ဘာလ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂ ရက်နေ့ကကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် သုံ့ပန်း(၇)ဦးဖမ်းမိခဲ့ကြောင်းအမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။
ထိုနောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နောက်ဆက်တွဲတိုက်ပွဲသတင်းကို အမှတ်(၁)စစ်ဒေသက မထုတ်ပြန်သေးပေ။
စစ်ကောင်စီသည် အိန္ဒိယအအစိုးရကိုတော်လှန်နေသည့်လက်နက်ကိုင်အဖွဲ့များအနက်ကသည်းလက်နက်ကိုင်အဖွဲ့များအပြင် နာဂလက်နက်ကိုင်အဖွဲ့(NSCN-K)ကိုလည်းအသုံးပြု၍ အိန္ဒိယအစိုးရကို နိုင်ငံရေးအရကစားနေကြောင်းသတင်းရရှိသည်။
စစ်တပ်က အန္ဒိယအစိုးရကိုလည်းတိုက်ခိုက်နေသည့် ကသည်းနှင့်နာဂသူပုန်တပ်ဖွဲ့များအားပြီးခဲ့သည့်ဩဂုတ်လက ခန္တီးခရိုင်မှတဆင့် ကလေးခရိုင်သို့ ရေကြောင်းမှပို့ဆောင်ခဲ့ပြီး တိုက်ပွဲများတွင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းအမှတ်(၁)စစ်ဒေသက အသိပေးထားသည်။
၂၀၂၄ခုနှစ် အောက်တိုလာလက တမူးမြို့နယ် ၊နန်မွန်းတာရွာ တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှကူတိုက်ခဲ့သော အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးကို PDFများက အရှင်ဖမ်းမိခဲ့သေသည်။ အမျိုးသားညီညွတ်ရေးအစိုးရက အဆိုပါ ကသည်းတပ်ဖွဲ့ဝင်ကို အိန္ဒိယအစိုးရထံ လွှဲအပ်ပေးခဲ့သည်။
ထိုအပြင်၂၀၂၃ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်၊ ကသည်းသူပုန် ၊ရှမ်းနီတပ် နှင့်ပျူစောထီးများပူးပေါင်းတပ်စွဲထားသော တမူးမြို့နယ်အောင်ဇေယျ ရွာမှ စခန်းကိုတော်လှန်ရေးတပ်များသိမ်းပိုက်စဥ် နှင့် ၂၀၂၄ မေလကုန်ပိုင်းကတမူးမြို့နယ်ရှိ ကသည်းသူပုန်များ၏ စခန်းများကို တော်လှန်ရေးအဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။
