ဩဂုတ်-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။

TNLAနှင့် MNDAA တပ်ဖွဲ့များကို အကြမ်းဖက် အဖွဲ့ဟုဖော်ပြကာ သီပေါ၊ကျောက်မဲ၊ သိန္နီ စသည့် ရှမ်းဒေသမှ ထွက်ခွာရန် တောင်းဆိုကြောင်း ရှမ်းတောင်ရှိ မြို့အချို့၌ ဆန္ဒထုတ်ဖော် မှုများအား စစ်ကောင်စီက စီစဉ်လုပ်ဆောင်ခဲ့ခြင်းအပေါ် RCSSက ရှမ်းဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
” ဗမာဘာသာလိုတော့ သူထုတ်ပြန်မယ်ထင်တယ်။ ဒီရှမ်းပြည်တောင်ပိုင်း ဆန္ဒပြတာတွေနဲ့ပတ်သက်ပြီးတော့ ရေးထားတာဖြစ်တယ်။ MNDAA ရယ် TNLAတွေကို ကန့်ကွက်ဖို့ စစ်ကောင်စီကခိုင်းထားတာ၊ ပြည်သူလူထုကို ဆန္ဒပြဖို့ ခိုင်းထားတဲ့အကြောင်းအရာပေါ့။ ဒီဟာကို RCSSက အားမပေးကြောင်း သတင်းထုတ်ပြန်ထားတာဖြစ်တယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ဖြစ်တယ်ဆိုတော့ ဒီကိစ္စကို မပတ်သက်ကြောင်း ဒီဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါကိုအားမပေးကြောင်းအဲဒီလို ရေးထားတာ”ဟု ရှမ်းသတင်းရင်းမြစ်က RCSS၏ ထုတ်ပြန်ချက်ကို ဘာသာပြန် ရှင်းပြသည်။

Public Service Announcement
ဆန္ဒပြပွဲသို့ ဒေသခံများအား မလာမနေရ ပုံစံဖြင့် စစ်ကောင်စီက လုပ်ဆောင်သည်ဟု သတင်းကြားရကြောင်းလည်း ရှမ်းသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ ဆန္ဒထုတ်ဖော်မှုသည် ရှမ်းမြောက် ၌ လတ်တလော စစ်ကောင်စီဖော်ဆောင်နေသည့် စစ်ဆင်ရေးများနှင့် ဆက်စပ်နိုင်သည်ဟု ဆိုသည်။ စစ်ကောင်စီသည် ရှမ်းမြောက် နောင်ချိုကို လေကြောင်း၊ ဒရုန်းပစ်ကူယူပြီး မြေပြင်မှ ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် သီပေါ၊ ကျောက်မဲ နှင့် မိုးကုတ်စသည့် TNLA သိမ်းထားသည့် နယ်မြေများကို လေကြောင်း စစ်ဆင်ရေး ပြုလုပ်ကာ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
” မြောက်ပိုင်း စစ်ဆင်ရေးနဲ့ပတ်သက်နေမလားပေါ့။ ဒီ စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်းက နေတဲ့ ပြည်သူလူထုတွေကို MNDAAနဲ့ TNLAတွေကို ဆန္ဒပြခိုင်းတာ ကျနော်သုံးသပ်ချက်က စစ်ကောင်စီရဲ့ စစ်ကြောင်း မြောက်ပိုင်းမှာ စစ်မျက်နှာ ဖွင့်နေတာနဲ့ပတ်သက်ပြီး အထောက်အကူပြုစေချင်လို့ သူတို့ လုပ်နေတာလို့ ဒီလို သုံးသပ်ချင်တယ်။”ဟု ရှမ်းသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် ရှမ်းမြောက်နေရာဒေသ အများစုကို လက်လွှတ်ဆုံးရှုံးထားခြင်းဖြစ်သည်။ ကိုးကန့် MNDAA၊ တအာင်း TNLA တို့ပါဝင်သည့် မဟာမိတ် တပ်ပေါင်းစုက ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင် ဖော်ဆောင်ခဲ့ရာ တိုင်းစစ်ဌာနချုပ်ဖြစ်သော အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် စစ်ကောင်စီတပ်စခန်းရာချီနှင့် မြို့များစွာကို အချိန်တိုအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီသည် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် MNDAAနှင့် အပစ်ရပ်စဲထားပြီး MNDAAက ပြန်ပေး၍ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်နေရာယူထားနိုင်သော်လည်း ယခုကဲ့သို့ MNDAAကို ကန့်ကွက်သည့် လူထုဆန္ဒပြပွဲအတုများ ဖော်ဆောင်နေခြင်းဖြစ်သည်။
(MNDAAနှင့် TNLA အား ကန့်ကွက်ဆန္ဒပြခိုင်း၍ ဆန္ဒပြနေသော ရှမ်းပြည်သူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – Tai Freedom)











































