သြဂုတ် – ၁၄ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကျုံဒိုး-နဘူးလမ်းပိုင်းမှာ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNU တို့ကြား အခုရက်ပိုင်းထဲမှာ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကျေးရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ကျုံဒိုး-မြပတိုင်-နဘူးလမ်းဟာ ကျုံဒိုးမြို့ရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးသတ်မှတ်ချက်အရ ဖားအံခရိုင်၊ တပ်မဟာ ၇ နယ်မြေ တနေချာ့(နဘူး)မြို့နယ်ထဲမှာ တည်ရှိတာဖြစ်ပါတယ်။
ကျုံဒိုး-မြပတိုင်-နဘူးလမ်းပိုင်းစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်ဩဂုတ်လ ဒုတိယအပတ်ကစစ်ကောင်စီတပ်စစ်ကြောင်းကအင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာခဲ့ရာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်နဲ့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူသုံးကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျုံဒိုးချောင်းဖျား၊ ကျုံဘိုင်း၊ ကော့ဒေးဆိုင်၊ နိုင်းခလောင်၊ ကော့ကလောင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ အခြားဘေးလွတ်ရာနေရာတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။
” စကစက အင်အား ၁၀၀ ကျော်နဲ့ ၃ ကြိမ် စစ်ကြောင်းထိုးလာတယ်။ စကစ စစ်ကြောင်းထိုးလာလို့မရတော့ ပြန်ဆုတ်သွားတယ်”လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။
ကျုံဒိုး-မြပတိုင်-နဘူးလမ်းဟာ စစ်ရေးအရ အရေးပါတဲ့ လမ်းတစ်လမ်းဖြစ်ပြီး ကျုံဒိုးမြို့ကနေတဆင့် နဘူးဗျူဟာ တပ်ရင်းတွေဆီ သွားလို့ရသလို ရင်ကွဲတောင်စခန်းအပါအဝင် ထီးဖိုးစံ၊ ကော့ကရိတ် မှာရှိတဲ့ အမှတ် (၁၂ ) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ(၁၂) အထိ သွားလို့ရတဲ့ လမ်းကြောင်းလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် အခုအခါမှာ ကျုံဒိုး-နဘူးလမ်းပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်လာနေတာဖြစ်ပါတယ်။
ကျုံဒိုး-နဘူးလမ်းအပြင်ကော့ကရိတ်-မြ၀တီအာရှလမ်းမကြီးကို ပြန် လည်သိမ်းယူနိုင်ဖို့အတွက် စစ်ကောင်စီတပ်က ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့နဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ရာ ကော့ကရိတ်မြို့အနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့လည်း ကော့ကရိတ်ဒေသခံက ပြောပါတယ်။
KNU တပ်မဟာ ၇ နယ်မြေက ကျုံဒိုး-နဘူးလမ်းနဲ့ အာရှလမ်းမကြီးကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လုပ်ဆောင်နေတဲ့အချိန် ဩဂုတ်လ ၁၁ ရက်ညပိုင်းက KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အခုလို KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ KNU ဗဟိုကို ဖိအားပေးလိုက်တာဖြစ်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက သူ့ရဲ့တစ်ဦးထဲအမြင်ကို ပြောပြပါတယ်။
KNU ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းထဲ ပြန်ဝင်လာဖို့အတွက်ဖိအားပေးတာလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ယူဆပါတယ်။
“ဘာဖြစ်လို့ NCA လမ်းကြောင်းမသွားတော့ပဲနဲ့ ဘာဖြစ်လို့ ထွက်သွားသလည်းလို့ အဲ့ဒါကို သူတို့က မကျေနပ်ပြီးတော့မှ NCA လမ်းကြောင်းထဲကို ပြန်ဝင်ဖို့ သူတို့က လာပြီးတော့ ဖိအားပေးတဲ့သဘောပဲ ၊နောက်တဖက်ကနေပြီးတော့မှ သူတို့က မြ၀တီနဲ့ ကော့ကရိတ်ကြားပေါ့လေ၊ အဲ့ဒီမှာ အောင်ဇေယျစစ်ဆင်ရေးလုပ်နေတဲ့ ကာလမှာပေါ့၊ အဲ့ဒီမှာ ဒီဘက်ကနေပြီးတော့မှအာရုံ နည်းနည်းလွှဲသွားအောင်ဆိုပြီးတော့မှ သူတို့လုပ်တဲ့သဘောလည်းဖြစ်နိုင်တာပေါ့” လို့ သူက ပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီကကျင်းပသွားမယ့်ရွေးကောက်ပွဲကိုKNUကမနှောင့် ယှက်နိုင်ဖို့အတွက် KNU နယ်မြေထဲကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်လာလိမ့်မယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုကဆိုပါတယ်။












































