ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့ကို အာဏာ သိမ်းစစ်ကောင်စီက ဩဂုတ် ၉ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူသေဆုံးမှု ထပ်မံဖြစ်ပေါ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် တလခွဲ အတွင်း ပြည်သူ၂၀ ကျော် သေဆုံးခဲ့ရသည်။
ယမန်နေ့ည ၇နာရီခန့်တွင်မိုးကုတ်မြို့အရှေ့ပိုင်းရှိကျောက်နဂါးဘုန်းကြီး ကျောင်းကိုစစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ရာ ကိုရင် တစ်ပါး၊ ကလေး နှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၅ဦးသေဆုံးကာသံဃာတစ်ပါးနှင့်အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ဟုTNLAက သတင်းထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၅လုံး ဗုံးစထိမှန်ပျက်စီးခဲ့ဟုလည်း အသိပေးသည်။

Public Service Announcement
” တမင် အကြောက်တရား သွင်းနေတာ”ဟု သတင်းရင်းမြစ်တဦးက စစ်ကောင်စီ၏ TNLAနယ်မြေရှိ အရပ်သား ပြည်သူများရှိရာသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေမှုအပေါ် မှတ်ချက်ပြုသည်။
စစ်ကောင်စီတပ်သည်မိုးကုတ်မြို့ကိုလေကြောင်းတိုက်ခိုက်မှုများ အပြင်း အထန် ပြုလုပ်နေခြင်းဖြစ်သည်။
ဇူလိုင်မှ ဩဂုတ် ၈ရက်အထိ လေကြောင်းမှ ၆ကြိမ် ဗုံးကြဲခဲ့ရာ ကလေး သုံးဦး၊ သံဃာတော် တစ်ပါး၊ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား (၁၆)ဦး စုစုပေါင်း ၂၁ဦး သေးဆုံးခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
ထို့ပြင်ကလေး ၄ ဦး၊အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၃၉ ဦး စုစုပေါင်း ၅၇ဦး ထိခိုက်ဒဏ်ရာရှိကာ နေအိမ် ၄၈ အိမ်၊ ကား ၃ စီးနှင့် ဆိုင်ကယ် ၃စီးတို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့ဟု ဖော်ပြသည်။
အဆိုပါကာလ၌ပင်စစ်ကောင်စီတပ်သည်သီပေါမြို့ကိုလည်းလေကြောင်းမှ ၆ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့သည်။ ထို့ပြင် နေအိမ် စာသင်ကျောင်းများလည်း ပျက်စီးမှုရှိခဲ့သည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်နှင့် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ကြောင်း TNLAက ပြည်သူများကို ထပ်လောင်း နှိုးဆော်ခဲ့ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ဟု သတိပေးသည်။
တရုတ်အစိုးရ၏ ဖိအားပေးမှု ကြားဝင်မှုဖြင့် TNLAနှင့် စစ်ကောင်စီတို့ ဩဂုတ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရန် စီစဉ်ထားသော်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
