ဩဂုတ် ၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင်ပြည်သူ၁၉ဦးကိုမီးရှို့သတ် ဖြတ်ခဲ့သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းက ထွက်ဆိုခဲ့သည်။
ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားများ၏ ထွက်ဆိုချက် ရုပ်သံကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ဖော်ပြခဲ့ရာ တပ်ကြပ်ကြီး သိန်းအောင် ၊ တပ်ကြပ် မြင့်သိန်း၊ တပ်သား လွင်ဦးတို့က ၎င်းတို့ အတွေ့အကြုံများကို ပြောပြရာ တပ်သားလွင်ဦးက ညောင်ပင်သာရွာ လူအစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပြောသည်။
၂၀၂၃မေလက ဖြစ်ခဲ့သည့် ညောင်ပင်သာရွာအနီးတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က ညောင်ပင်သာကျေးရွာ၌ ပြည်သူများကို အစုလိုက်၊အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားပြီး ယခု စစ်သုံ့ပန်းက ထပ်မံပြောပြခြင်းဖြစ်သည်။

Public Service Announcement
စစ်ကောင်စီ၏ ခမရ(၄၈)တပ်ရင်းများက ညောင်ပင်သာကျေးရွာသို့ သွားရောက်စဉ် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းကို အကူပေးရန်လိုက်သွားရာ ခမရ(၄၈)တပ်ရင်းစစ်ကြောင်း မရှိတော့ကြောင်း တပ်သားလွင်ဦးက ပြောသည်။
ထို့အပြင် တပ်သားလွင်ဦးတို့ပါဝင်သည့် စစ်ကြောင်းရောက်ရှိစဉ်တွင်လည်း တော်လှန်ရေးဘက်က လာပစ်၍ ပစ်ခတ်မှု အချို့ရှိခဲ့ပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိခဲ့ဟု တပ်သားလွင်ဦးက ပြောသည်။
စစ်ကောင်စီတပ်ကို ညောင်ပင်သာကျေးရွာရှိ အိမ်စုတခုမှ စနိုက်ပါဖြင့်လာပစ်ရာ အဆိုပါနေအိမ်ကို မီးရှို့ရန် ဒုတပ်ရင်းမှူး သက်နိုင်က ခိုင်းစေခဲ့၍ နေအိမ် ၅လုံးခန့် မီးရှို့ခဲ့ဟု ပြောသည်။
“အဲဒီအထဲ ပြည်သူတွေမပါသွားဘူး။ ၄၈ အဖွဲ့ ရှို့တဲ့အထဲ ပါသွားတယ်။ ၄၈ အဖွဲ့ မီးရှို့တာ ပြည်သူတွေပါလား မပါလားဆိုတာ ကိုယ်တိုင်မမြင်ရပေမယ့်လက်ရှိဓာတ်ပုံထဲမှာ တွေ့ရတာ ပြည်သူတွေပါတယ်”ဟု တပ်သားလွင်ဦးက ပြောသည်။
မီးရှို့ထားတဲ့နေရာကို အဝေးက သွားကြည့်ခဲ့သေးဟုလည်း တပ်သားလွင်ဦးကပြောပြီးမီးရှို့မှုကိုတပ်ရင်းမှူးမင်းဇော်ဦးဆောင်ခြင်းဖြစ်ပြီး တပ်ကြပ် ကြီးများအပါအဝင် အဆင့်ဆင့်သော စစ်ကောင်စီတပ်ဖွဲ့များ ပါဝင်ဟု တပ်သားလွင်ဦးက ပြောသည်။
“သေမှာပေါ့ KNU သတင်းပေးတာကို။ သတင်းယူတာကိုး။ မေးတာ ဖြေမှ မဖြေတာကို အဲဒီလို ပြောတဲ့ကောင်ရှိတယ်”ဟုလည်း တပ်သားလွင်ဦးက မီးရှို့ခံရ၍ ပြည်သူသေဆုံးမှုကို တပ်တွင်း အချို့သူများက ပြောဆိုမှုကိုလည်း ပြန်ပြောသည်။
စစ်ကောင်စီတပ်သည် မေလ ၁၀ရက် တိုက်ပွဲတွင် ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦး သေဆုံးခဲ့ရာညောင်ပင်သာရွာသားများကို ဓားစာခံအဖြစ် ဖမ်းပြီး ကြိုးနှင့်ချီကာ ကလေး ၄ဦး၊ အမျိုးသမီး ၁၁ဦး အပါအဝင် ပြည်သူ ၁၉ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတ်ဖြတ်ခံရသူများ၏ အမည်စာရင်းကို KNUက ထုတ်ပြန်ခဲ့သည်။
ထို့ပြင်အခြား ရွာသားတစ်ဦးကလည်း စအိုတွင် တုတ်ထိုးသွင်း နှိပ်စက်သတ်ဖြတ်ခဲ့ဟု အသိပေးခဲ့သည်။
စစ်ကောင်စီသည် ညောင်ပင်သာရွာရှိ ပြည်သူများကို သတ်ဖြတ်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အယောင်ဆောင်ပြီး ဒေသခံများကို ခေါ်ယူကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သေဆုံးသူများ၏ မိသားစု ဝင်တဦးက ပြောသည်။
“ကျနော့် အဒေါ်နဲ့ အမေပါ ပါသွားတယ်။ အကုန်လုံးလိုလိုက ကျနော့် အိမ်နီးနားချင်းဆိုတော့ အကုန်လုံး ကိုယ့်မိသားစုတွေပဲ။ အသတ်ခံရတာကတော့ရက်ရက်စက်စက်ကို မီးရှို့အသတ်ခံရတာ။ လူမဆန်ဘူးပေါ့ဗျ။ PDF လိုလိုဘာလိုလိုသူတို့ကလာတာ။လာပြီး နင်တို့ကို ငါတို့ ကူညီမယ် သူတို့ သွေးဆောင်ဖြားယောင်းတယ်”ဟုကျန်ရစ်သူ မိသားစုဝင်က ပြော သည်။
ထို့အပြင် အကူအညီ လိုအပ်နေသည့် ဒေသခံများအား သွေးဆောင်ဖြားယောင်းဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ဟုလည်း ကျန်ရစ်သူမိသားစုဝင်က ပြောသည်။
ညောင်ပင်သာရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်ကေငာ်စီတပ်သားများသည် PDF အယောင်ဆောင် ယူနီဖောင်း ဝင်လာသူများ ရှိသကဲ့သို့ စစ်ကောင်စီတပ် ယူနီဖောင်းဝတ်လာသူများလည်း ရှိကြောင်း၊ PDF အယောင်ဆောင် စစ်ကောင်စီ တပ်သားများ၏ ဦးထုပ်နှင့် လက်နက်များမှာမူ စစ်ကောင်စီ တပ် အသုံးအဆောင်များအတိုင်းဖြစ်ပြီး ဝတ်စုံသာ အယောင်ဆောင်ဝတ်လာခြင်းဖြစ်ကြောင်း အဆိုပါ နယ်မြေ၌ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်တဦးက ဖြစ်စဉ် ဖြစ်ပွားစဉ်က ပြောပြခဲ့သည်။












































