close
Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်နှင့် နာဂ​ဒေသတွင် ရေကြီး၊​ မြေပြိုနေ

မေခ၊ မလိခမြစ်​ရေကြီး၍ ​နေအိမ်နှင့်​ကျောင်းအချို့​ရေ​မျော

ကချင်ပြည်နယ်၊ ချီ​ဖွေမြို့နယ်တွင် ​မေ ၃၁ ရက်က​ရေကြီး​နေစဥ်။ဓါတ်ပုံ- Johnwu LumJhid

​မေ-၃၁၊၂၀၂၅။ကဖေး၊ထားမြတ်/People’s Spring

ဧရာဝတီ နှင့် ချင်းတွင်းမြစ်ဖျားပိုင်းဒေသများမိုးသည်းထန်စွာရက်ဆက်ရွာသွန်းနေ​သော​ကြောင့်ကချင်ပြည်နယ်အထက်ပိုင်းဒေသများ နှင့် နာဂဒေသ၊ ချင်းပြည်နယ်တို့တွင် ရေကြီးမှုနှင့် မြေပြိုမှုဘေးအန္တရာယ်ကြုံတွေ့နေသည်။

ဧရာဝတီမြစ်ဖျားပိုင်းဒေသများဖြစ်သည့်မေခ၊မလိခမြစ်ဆုံရာဒေသများ၊ ပူတာအိုခရိုင်အတွင်းရှိမြို့နယ်များ၊ တရုတ်နိုင်ငံနှင့်ထိစပ်နေသော ပန်ဝါ၊ဆော့လော်မြို့စသည့်​ဒေသများအပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသော မြို့နယ်များတွင် မေလ ၂၅ရက်မှ စ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မေလ ၃၁ရက်ည‌နေအထိ မိုးကောင်းနေသည်။

ကချင်ပြည်နယ်အတွင်းချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့တို့တွင် ရေကြီးပြီး စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်ပျက်စီးမှုများရှိနေသည်။ တရုတ်နယ်စပ်ဒေသများ၌ မြေပြိုမှုဘေး ရင်ဆိုင်နေရသည်။

Public Service Announcement

Public Service Announcement

စစ်ရှောင်စခန်းများ အတွက် အရေးပေါ် အကူအညီလိုအပ်လာပြီး မြစ်ကြီးနားမြို့အပါအဝင် ဧရာဝတီမြစ်ကမ်းဘေး​ဒေသများ ရေတက်လာနိုင်ကြောင်း လက်ရှိရေးဘေးကြုံနေသော ဒေသမှ ဒေသခံများကသတိ​ပေးသည်။

●မေခ ၊မလိခမြစ်ရေ ကြီး၍ နေအိမ်နှင့်ကျောင်းအချို့ ရေမျော

မိုး​သည်းထန်စွာရွာသွန်းသဖြင့်မေခ နှင့် မလိခမြစ်ရေများ ဆက်လက်မြင့်တက်လျက်ရှိရာ နေအိမ်အဆောက်အဦးများ နေနစ်မြုပ်နေပြီး နေအိမ်နှင့် စာသင်ကျောင်းအချို့ ရေထဲမျောပါသွားဟု ​ဒေသခံအချို့ထံမှသိရသည်။

မေခမြစ်ရေကြီး၍ ချီဖွေမြို့နယ်တွင် နေအိမ် အဆောက်အဦးများစွာ ရေနစ်မြှုပ်နေသည်ကို ဒေသခံအချို့က လူမှုကွန်ရက်တွင် ရုပ်သံ​တင်ထားသည်ကိုတွေ့ရသည်။

“အဖြစ်က မနှစ်ကနဲ့မတူတော့ဘူးကွာ ဒီနှစ်က ပိုဆိုးသွားပြီ။ ပိုဆိုးမှာပဲလေ နော့။ ရာသီဥတု အခြေအနေရော ရေလမ်းကြောင်းပြောင်းတာရော အဲဒီမှာလုပ်လိုက်တဲ့ဥစ္စာတွေရော” ဟု ဒေသခံ အမျိုးသား တဦးက ရေနစ်မြှုပ်နေသည့် နေအိမ်အဆောက်အဦများကို ရုပ်သံရိုက်ကူး ပြောကြားခဲ့သည်။

အခြားကချင်​ဒေသခံတဦးက “ အသေအပျောက်တော့ မကြားရသေး။ ရေက ဆက်လက်မြင့်တက်နေဆဲ။ ဒါက မချမ်းဘော ။ စိုးရိမ်ရေမှတ်ကျော်ပြီး။ မလိခမြစ်ပါ။” ဟု ပြောသည်။

မေခနှင့် မလိခမြစ်များရေဆက်တက်နေ၍ ဧရာ၀တီ မြစ်ကြောင်းတလျောက်ရှိ မြို့ရွာများအားလုံး ရေဘေးအန္တရာယ် ကြုံရနိုင်သည်ဟု ၎င်းက ပြောသည်။

မြစ်ကြီးနားနေပြည်သူအချို့ကလည်း ရေဘေးကြောင့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး ၊ ရမ်ပူ၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ၊ ဒူကထောင်ရန်ကြီးအောင် ၊ ပမ္မတီး စသည့် ရပ်ကွက်များ ရေဝင်ရောက်နိုင်ကြောင်း ခန့်မှန်းအသိပေးချက်ကို ဖော်ပြထားသည်ကိုတွေ့ရသည်။

●နာဂ ​ဒေသတွင် ​မြေပြို

စစ်ကိုင်းတိုင်း၊ နာဂဒေသ၌လည်းမေလ ၂၄ရက်မှစ၍ မိုးကောင်းနေပြီး နန်းယွန်း၊ လေရှီး၊ ဆွမ္မရာမြို့တို့တွင် မြေပြိုကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီဟု ဒေသခံများကပြောသည်။

“နာဂနဲ့ အိန္ဒိယဆက်ထားတဲ့ မဏိပူရ်ပြည်နယ်ချင်းဆက်လမ်းမကြီးလည်း ​မြေပြိုမှု​တွေရှိ​နေပါတယ်။ ချက်ခြင်းမပြုပြင်ရင်ကုန်​စျေးနူန်းတွေတက်မှာပါ။ မိုးကမရပ်သေးသေးဘူး။ စိုးရိမ်စရာပါ”ဟုနာဂဒေသခံတစ်ဦးကပြောသည်။

နာဂဒေသ၊ချင်းပြည်နယ်တို့နှင့်ဆက်စပ်နေသော အိန္ဒိယနိုင်ငံဘက်ခြမ်းတွင်လည်းမိုးများပြီးမြေပြိုမှုဘေး ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

●မိုးသည်းထန်ရခြင်းအ​ကြောင်းအရင်း

ယခုရက်ပိုင်းရွာနေသော မိုးသည် မေလ ၂၉ရက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားသော မုန်တိုင်းငယ်က မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်နေခြင်းကြောင့်ဟု အိန္ဒိယမိုးဇလကထုတ်ပြန်ထားသည်။ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မေလကုန်ပိုင်းတွင် မိုးရေချိန် ၃ လက်မ ခန့် မှ ၉ လက် မခန့်အထိ ရွာနိုင်ကြောင်း သတိပေးထားသည်။ မိုးရေချိန် ၃လက်မထက် ကျော်ပါက ရေဘေးအန္တရာယ်ရှိနေသည်။

လက်ရှိရေးဘေးနှင့် မြေပြိုမှုဘေးကြောင့် ထိခိုက်မှုများကို အသေးစိတ်မသိရှိရသေးပေ။ မိုးဆက်ကောင်းနေ၍ စိုးရိမ်စရာအခြေအနေဟု ကချင်ပြည်နယ်နှင့် နာဂဒေသမှ ဒေသခံအချို့ကပြောသည်။

မေလ ၂၉ရက်က ကုန်းတွင်းဝင်ခဲ့သော မုန်တိုင်းငယ်အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်၊ကပ္ပလီပင်လယ်ပြင်နှင့်မုတ္တမကွေ့ တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီးချင်းပြည်နယ်၊ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကို အထူးသတိပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းပစ်ခတ်၍ ပြည်သူ ၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသတွင် ဒုတိယမြောက်နေ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံများ စစ်ရှောင်ရန်ကြိုးပမ်းနေသလို နေအိမ်များအတွင်းပိတ်မိနေ၍ စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသည်ဟု သတင်းရရှိသည်။

Facebook