မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ထုံးကြီး ကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။
မေလ ၃ရက် ည ၈နာရီဝန်းကျင်မှာ လက်ပန်လှကျေးရွာအတွင်းက ပြည်စိုးအောင်ရပ်ကွက်ကို တစ်ကြိမ်၊ ငြိမ်းချမ်းအောင် ရပ်ကွက်ကို နှစ်ကြိမ်နဲ့ လက်ပန်လှတံတားအနီးကို တစ်ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ပန်လှကျေးရွာလေကြောင်းတိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် လေးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement
အဲဒီနောက် ည ၁၂နာရီဝန်းကျင်မှာ ထုံးကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်၃၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၅လုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
“ဖိုက်တာနဲ့လာကြဲတာ။ လက်ပန်လှကိုတော့ တစ်ခါချတစ်လုံးချတယ်။ ထုံးကြီးကို ဗုံးသီး နှစ်လုံးတပြိုင်ထဲချသွားတယ်။ ဘာတိုက်ပွဲမှမရှိပါဘူး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။
မေလ ၃ရက် ညနေပိုင်းကပဲ မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာတန်းကျေးရွာကို စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ လူငယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ လေးဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
