ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကွမ်းဆိပ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအား တပ်ကူသွားသည့် စစ်ကောင်စီတပ်၏ လှေတစ်စီးတိမ်းမှောက်ပြီး အင်အား ၃၀ခန့်မြစ်အတွင်း မျောပါသွားကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ ကွမ်းဆိပ်တပ်စခန်းသည် ဝေါမြို့နယ်အစွန်၊ သူရဲသမိန်ကျေးရွာတဘက်ခြမ်း၊ စစ်တောင်းမြစ်ဘေးတွင်တည်ရှိပြီး ဧပြီ ၂၃ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာဘက်မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၃၀ခန့်သည် စစ်တောင်းမြစ်ကိုဖြတ်ကာ စစ်လှေဖြင့် တပ်ကူသွားရောက်ခဲ့ပြီး မြစ်အတွင်း စစ်လှေတိမ်းမှောက်ခဲ့ခြင်းဟု တော်လှန်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။

Public Service Announcement
ယင်းစက်လှေတိမ်းမှောက်သည့်ဖြစ်စဥ်မှ စစ်ကောင်စီတပ် အရာရှိတစ်ဦး၏ ရုပ်အလောင်း စစ်တောင်းမြစ်အတွင်းမျောပါလာသည်ကို ယနေ့(မေ ၄ ရက်)နံနက် ၈နာရီခွဲခန့်တွင် ဒေသခံရေလုပ်သားအချို့က ဝေါမြို့နယ်နှင့် ကျိုထိုမြို့နယ်အစပ် ခရွဲကျေးရွာအနီးတွင် တွေ့ရှိခဲ့သည်။
“လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က ကွမ်းဆိပ်ဘက်မှာ တိုက်ပွဲဖြစ်တဲ့အချိန် သူရဲသမိန်ဘက်ကလာတဲ့ စစ်ွေးလှေတစ်စင်း စစ်တောင်းမြစ်ထဲမှာ မှောက်သွားတယ်။ အယောက် ၃၀ပါသွားတယ်လို့ သိထားရတယ်။ အဲဒီထဲက အလောင်းတွေ မျောလာတာပေါ့”ဟု ယနေ့(မေ ၄)နံနက် ခရွဲရွားအနီး စစ်တောင်းမြစ်အတွင်းတွေ့ရသည့် စစ်ကောင်စီတပ် အရာရှိရုပ်အလောင်းနှင့်စပ်လျဥ်းပြီး ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မြစ်အတွင်း ပုတ်ပွမျောပါလာသည့် စစ်ကောင်စီတပ် အရာရှိရုပ်အလောင်းတွင် သေနတ်အတိုတစ်လက်၊ စကားပြောစက် ဝေါ်ကီတော်ကီတစ်လုံး ရှာဖွေတွေ့ရှိပြီး ဒေသအခြေပြုတော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးသိမ်းဆည်းလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကွမ်းဆိပ်ရဲကင်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ခမရ(၅၉၈)နှင့် ခမရ(၅၈၉)တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့်အပြင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ ပစ်ခတ်ခဲ့ရာ ယမန်နေ့(မေ ၃ ရက်)တရက်တည်းတွင် လေယာဥ်ဖြင့် ဗုံးအလုံး ၃၀ခန့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။
