ဧပြီ ၉၊၂၀၂၅။ဟန်နွေ/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်ရာတွင် မြေပြင်ထိုးစစ်ကို ဝါရင့်တော်လှန်ရေးတပ်ဖွဲ့များ မပါဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နွေဦးတော်လှန် ရေးကာလ၌ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်များမှ ရဲဘော်များဖြင့်သာဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူက အသိပေးသည်။
ဧပြီ ၉ရက်တွင် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီကင်းစင်ပြီဖြစ်ကြောင်း ကြေညာရာ၌ ချင်းညီနောင် တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ရာ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းက အထက်ပါအတိုင်းပြောပြခြင်းဖြစ်သည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ရဲဘော်များက မြေပြင်၌အခက်အခဲပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယခင် ချင်းညီနောင်၏ မြို့သိမ်းစစ်ဆင်ရေးများ၌ ဝါရင့် တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရသော်လည်း ယခုဖလမ်းမြို့တိုက်ပွဲမှာ အတွေ့အကြုံ ၄နှစ်သာရှိသေးသည့် တော်လှန်ရေး ရဲဘော်များဖြင့် ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဆလိုင်းပီတာထန်းက ရှင်းပြသည်။

Public Service Announcement
“ရှေ့မှာ လေးနှစ်သားတွေကိုယ်တိုင် ရှေ့မှာတိုက်ရပါတယ်။ နောက်မှာလည်းနေရပါတယ်။ ရှေ့မှာလည်းနေရပါတယ်။ ဆရာ့ဆရာတွေရဲ့ နောက်ဘက်က နေ ပံ့ပိုးကူညီမှု၊ လက်နက်၊ စစ်ဗျူဟာကူညီမှုတော့ရှိပေမယ့် မြေပြင်ရောက်သွားတဲ့အခါမှာ လေးနှစ်သားအဖွဲ့တွေပဲ”ဟု ဆလိုင်းပီတာထန်းက ပြောသည်။
မနိုင်မချင်း တိုက်မည်ဆိုသည့် ဇွဲဖြင့်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောကြားပြီး တိုက်ပွဲ၌ ပါဝင်သူ ၊ကူညီပံ့ပိုးသူများကို ကျေးဇူးတင်ကြောင်း ပြောသည်။
“အထူးသဖြင့် ဒီအချိန်မှာ ကျနော့်အသံကို မကြားရတော့မယ့် သူရဲကောင်းများကိုလည်း ဒီကနေ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုရင်း ကျေးဇူးတင်တဲ့အကြောင်းပြောကြားလိုပါတယ်။ သူတို့ဟာ အထူးသဖြင့် ဖလမ်းမြို့ရရှိရေး အတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် သူတို့ရဲ့ မြင့်မြတ်လှစွာသော အသက်တွေ ပြန်မရနိုင်တော့တဲ့ အသက်သွေ ပေးဆပ်ခဲ့တဲ့သူတွေကို ဒီကနေ အထူးဂုဏ်ပြုလိုပါတယ်”ဟု ဆလိုင်းပီတာထန်းက ပြောသည်။
ထို့ပြင် ခြေလက်၊အင်္ဂါဆုံးရှုံးသွားသူများကိုလည်း အထူးကျေးဇူးတင်ကြောင်း၊ အဆုံးသတ်အထိ အောင်ပွဲရသည်အထိ လေကြောင်းရန် ကြောက်နေရသည့်ကြားမှ ရင်ဆိုင်ပြီး ဖလမ်းမြို့ကို သိမ်းပိုက်ပေးခဲ့သည့် ရဲဘော်၊တပ်မှူး၊ တပ်သားများအား ကျေးဇူးတင်ကြောင်း ပြောသည်။ တိုက်ပွဲအတွင်း သေနတ်မကိုင်သော်လည်း ဆေးအဖွဲ့၊ထောက်ပို့၊ထမင်းချက် အဖွဲ့များ၊သယ်ယူပို့ဆောင်ရေးအဖွဲ့၊ လူနာစောင့်ပေးသူများ ကိုယ်ထိလက်ရောက်ပါဝင်ပေးကြသူများကို ကျေးဇူးတင်ကြောင်း ဆလိုင်းပီတာထန်းက ပြောသည်။
မြေပြင်သို့ မလာနိုင်သော်လည်း မိသားစုအတွက် ရှာထားသည့်ငွေကို ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ပေးလှူခဲ့ကြသည့် သူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောသည်။ ဝယ်ရမည့် ပိုက်ဆံမရှိပါက ကျည်ဝယ်စရာမရှိ စားစရာ ဝယ်စရာမရှိပါက စစ်ဆင်ရေးအောင်မြင်နိုင်မည်မဟုတ်၍ ငွေကြေးထည့်ဝင်သူ အယောက်စီတိုင်းကို ကျေးဇူးတင်သကဲ့သို့ ထိုသို့ ငွေကြေးလှူဒါန်းနိုင်ရေး လှုံဆော်ပေးကြသူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။ မဟာမိတ်အဖွဲ့အသီးသီးကို ကျေးဇူးတင်ကြောင်းလည်း ထပ်လောင်းပြောကြားသည်။
ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေကလည်း ချင်းညီနောင်ကို ဝိုင်းရံ ပံ့ပိုးပေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောသည်။
“အထူးသဖြင့် ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ပေးကြတဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေ၊ မြေပြန့်ဘက်က တက်လာပြီး ကျနော်တို့နဲ့ အတူ တိုက်ပွဲဝင်ရင်း အသက်ပေးသွားတဲ့ ရဲဘော်တွေလည်းရှိတယ်။ ထိုနည်းတူ ခန္ဓာကိုယ်စွန့်သွားတဲ့ ရဲဘော်တွေလည်းရှိတယ်။ “ ဟု ဆလိုင်းထန်းချွန်းဖေက တိုက်ပွဲဝင်နေကြသည့် ရဲဘော်ရဲဘက် အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ကြောင်း ပြောသည်။
ယခုကဲ့သို့ စစ်ဆင်ရေးမျိုးလုပ်ဆောင်နိုင်ရန် စစ်ပညာနှင့် လက်နက်ခဲယမ်းထောက်ပံ့ပေးသည့် စစ်ဆင်ရေးများ၌ အကြံဉာဏ်ပေးသည့် ULA/AAကို အထူးကျေးဇူးတင်ကြောင်းလည်း ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
“ချင်းလူမျိုးအားလုံးရဲ့ အမျိုးသားလုံခြုံရေးရော ချင်းလူမျိုးတခုလုံးလွတ်မြောက်ဖို့ ပြည်သူတရပ်လုံးကို အကာအကွယ်ပေးနိုင်တဲ့ တပ်တခုဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟုလည်း ဆလိုင်းထန်းချွန်းဖေက ချင်းညီနောင်၏ ရည်မှန်းချက်ကို ပြောပြသည်။
ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ရာ ၅လပြည့်တွင် မြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ၊ စစ်သုံ့ပန်းများ ရရှိခဲ့သည်။ ချင်းညီနောင်သည် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျင်ဒွေးမြို့များကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။
