အထူးဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုအစီအစဥ်ဖြင့်ပေးအပ်ထားသော သင်္ဘောများကို စစ်ကောင်စီက စစ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုခဲ့သောကြောင့် ဂျပန်အစိုးရက တရားဝင်ကန့်ကွက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
တရားဝင်ဖွံ့ဖြိုးမှုအထောက်အပံ့အစီအစဥ်(ODA)ကို စစ်ဘက်နှင့်မသက်ဆိုင်သောကိစ္စရပ်များအတွက် အသုံးပြုရန်ဖြစ်၍ (စစ်ရေးဆိုင်ရာတွင်)ထပ်မံအသုံးမပြုရန် မြန်မာစစ်ကောင်စီကို ဂျပန်အစိုးရက တောင်းဆိုထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများက ပြောသည်။
ဂျပန်အစိုးရသည် ၂၀၁၇ တွင် တပတ်ရစ် သင်္ဘောနှစ်စီး၊ ၂၀၁၉ တွင် သင်္ဘောအသစ်တစ်စီး စုစုပေါင်း ခရီးသည်တင်သင်္ဘော သုံးစီးကို အလုပ်သမားများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ခရီးသည်ပို့ဆောင်ရေးယာဥ်များအဖြစ် ODA အစီအစဥ်မှတဆင့် ပေးအပ်ခဲ့သည်။
သို့သော် ၂၀၂၂ စက်တင်ဘာတွင် ဒေသတွင်းသတင်းဌာနများ၏ဖော်ပြချက်အရ အဆိုပါသင်္ဘောများကို စစ်ကောင်စီတပ်က အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရပြီး သင်္ဘောသုံးစီးအနက် နှစ်စီးကို ရခိုင်ပြည်နယ်တွင် စစ်သားများနှင့် လက်နက်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့သည်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

မြန်မာစစ်ကောင်စီသည် ODAအစီအစဥ် စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံချိုးဖောက်မည်မဟုတ်ကြောင်း ဂျပန်အစိုးရကို ကတိပြုခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးအရာရှိိများက ပြောသည်။
ဂျပန်သည် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီပေးရေးပရောဂျက်များကို ဆိုင်းငံ့ထားခဲ့သည်။ သို့သော် ဂျပန်သည် မြန်မာစစ်ကောင်စီနှင့် ယခင်ရှိထားပြီးသော ODA ပရောဂျက်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
ဂျပန်အစိုးရ၏ ထိုသို့ ကူညီထောက်ပံ့မှုများ ရပ်တန့်ခြင်းမရှိခြင်းက မြန်မာနိုင်ငံအတွင်း လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေကြောင်း ဝေဖန်မှုများ ရှိနေသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)၏ထုတ်ပြန်ချက်အရ ဖွံ့ဖြိုးမှုပရောဂျက်တစ်ခုအတွက် ဂျပန်အစိုးရ တာ၀န်ပေးအပ်သည့် ဂျပန်ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့်ဆက်နွှယ်သော မြန်မာကုမ္ပဏီတစ်ခုကို အမေရိကန်ဒေါ်လာ ၂ သန်း(ယန်း ၂၆၀ သန်း) ပေးချေခဲ့ကြောင်း သိရသည်။
ထို့အတွက် မြန်မာစစ်တပ်အကျိုးအမြတ်ရနေသည့် လူသားချင်းစာနာမှုနှင့်မသက်ဆိုင်သော အကူအညီအားလုံးကို ဆိုင်းငံ့ထားရန် ဂျပန်အစိုးရကို HRW က တောင်းဆိုထားသည်။
ကိုးကား – The Asahi Shimbun
