■စစ်ကောင်စီတပ် သေဆုံးမှုရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းရဟုဆို
ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတထောင်နယ်မြေရှိ စစ်ကောင်စီတပ်စွဲထားသော တာဝါတိုင်းကုန်းရုပ်သံထပ်လွှင့်ရုံစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။
မုံရွာမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းတွင်ရှိသော အဆိုပါတာဝါတိုင်စခန်းကုန်းအား ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နံနက်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲစတင်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement
“လက်နက်ခဲယမ်းတွေရတာလည်း ရှိသလို။စစ်ကောင်စီတပ်က အရာရှိအဆင့်အချို့အပါအဝင် ၁၀ဦးလောက် သေတာရှိတယ်။ထွက်ပြေးသွားကြတာလည်း ရှိတယ်။တချို့ ဖမ်းမိတာရှိတယ်လို့လည်း သိရတယ် “ဟု စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ စခန်းအားသိမ်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် အပါအဝင် စက်တပ်လေထီးဖြင့်ပါ တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“ရဲဘော်တွေ အားလုံးဘေးကင်းတယ်။လောလောဆယ်ဒီလောက်ပဲ ပြောနိုင်သေးတယ်”ဟု မုံရွာခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
လက်နက်၊ခဲယမ်းနှင့် စစ်သုံ့ပန်းရရှိမှုနှင့်ပတ်သက်၍ ၎င်းက ပြောဆိုခြင်း မရှိပေ။
မုံရွာခရိုင်ကွပ်ကဲရေးက ဦးဆောင်၍ ဒေသခံ ဗျူဟာများ၊ စစ်ဒေသ တပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် ပကဖများနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟုလည်း ၎င်းက အသိပေးသည်။
“မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်က ထနောင်းတောရွာကနေ ခွဲထွက်တဲ့လမ်းပိုင်းရဲ့အဆုံးမှာ ဗောဓိတထောင် ရှိတာ။အဲဒီမှာက စခတွေအင်အား ၃၀ ထက်မနည်းဘူး ရှိတယ်။ဒီနေ့က မုံရွာထဲက နေ လက်နက်ကြီးနဲ့ပစ်တာ ၁၀လုံးထက်မနည်း တော်တော်နီးနီးကို ကြားရတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မုံရွာ-ဗောဓိလမ်းပိုင်း၊ ကျောက္ကာ- ဗောဓိ လမ်းပိုင်းတို့ကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ယာယီပိတ်ထားပြီး ပြန်လည်အသုံးပြုရမည့်အချိန်ကို ကြေညာပေးမည်ဟု ထုတ်ပြန်ထားသည်။
