ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာမြို့အနီး ဂျေယန်းစစ်ရှောင်စခန်းမှ ကလေးငယ် သုံးဦးအား ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူဟု သံသယရှိသူကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းကာ တရားစီရင်ရေး ဆက်လက်လုပ်ဆောင်မည်ဟု KIA သတင်းပြန်ကြားရေးဌာနက ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)ညပိုင်း၌ ဖော်ပြသည်။
အသက် (၁၀)နှစ်ဝန်းကျင်အရွယ် မူလတန်းကျောင်းသူ သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူဟု သံသယရှိသူသည် ဂျေယန်းစစ်ရှောင်စခန်းမှ ဖြစ်ပြီး အသက် (၂၅)နှစ်အရွယ် အုန်ဆောင်းဒွဲအောင် ဆိုသူဖြစ်သည်ဟု အသိပေးသည်။
တရားခံဟု ယူဆရသူကို ဖေဖော်ဝါရီ ၂၅ရက် ည ၁၀နာရီခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
သတ်ဖြတ်ခံရသည့် ကလေးငယ်များသည် တတိယတန်းကျောင်းသူများဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ရက် မနက်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်သည်။
ပြန်ပေးဆွဲသူသည် ကလေးငယ် သုံးဦး၏ ရုပ်ပုံများကို မိဘတွေဆီသို့ ပို့ပြီး ငွေညှစ်တောင်းယူခဲ့ကြောင်း၊ ကလေးငယ်များ၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၂၅ရက် ညနေပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်ရုပ်အလောင်းကို ယနေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက်တွင်ပြန်တွေ့ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
ကလေးငယ်များ၏ ရုပ်အလောင်းမှာ ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာအများအပြား တွေ့ရသည်ဟုလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
ဂျေယန်း စစ်ရှောင်စခန်းသည် ၂၀၁၁က KIAနှင့် စစ်တပ်အကြား ကချင်ဒေသတကျော့ပြန် စစ်ပွဲစတင်ချိန်ကတည်းက ကချင်ပြည်သူများ တိမ်းရှောင်နေထိုင်နေသည့် စစ်ရှောင်စခန်းဖြစ်သည်။
