ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီမြေပြင်စစ်ကြောင်းအချို့ ထိခိုက်သေဆုံးမှုများပြားနေကာ လေကြောင်းမှလည်းနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။
ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က ဖေဖော်ဝါရီလ၂၁ရက်နေ့ညတွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။
“တိုက်ပွဲပြင်းထန်နေတာက ဦးကင်းရွာမှာ။အဲဒီရွာမှာကဓညဝတီကာကင်းစခန်းရှိတယ်။ AAက ဝင်တိုက်တော့ ဆုတ်ပြေးတယ်ကြားတယ် ။ ဖိုက်တာကတော့နှစ်ရက်ဆက်ပစ်တာ”ဟုကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုတွင်အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်းသတင်းကြားရသော်လည်း အသေးစိပ်ကိုမူမသိရသေးပေ။ ဥကင်းရွာမှဒေသခံများကို စစ်ကောင်စီကထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။
ဦးကင်းရွာကို စစ်ကောင်စီကဖေဖော်ဝါရီလ ၂၅ ရက် ညနေနှင့်ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်ရှောက်ချောင်းနှင့် စိုင်ခြုံကျေးရွာကိုလည်း ဖေဖော်ဝါရီလ၂၃ရက် ည ၇နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရရှိသည်။
မြေပြင်တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုများပြားနေသည့်စစ်ကောင်စီတပ်က ကျောက်ဖြူတိုက်ပွဲ၌ လေကြောင်းကိုပိုမိုအသုံးပြုလာသလို ဧရာဝတီတိုင်းဘက်မှ စစ်သင်္ဘောအချို့လည်း ကျောက်ဖြူပင်လယ်ပြင်အတွင်း ရောက်ရှိလာသည်ကိုတွေ့ရသည်ဟု ဒေသခံများကပြောသည်။
ကျောက်ဖြူမြို့နယ်တွင်ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်း နှင့် အုန်းကျွိန်ရေတပ် စခန်းတို့ရှိသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလဆန်းမှစ၍ ထိုနေရာသုံးခုမှ ဘေးပတ်ဝန်းကျင်ရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့် ကာပီချောင်း၊ ပေါင်းနက်ချေ၊ ကြက်တောပြင်ရွာအပါအဝင် ဆယ်ရွာထက်မနည်းမှဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်ဟုကျောက်ဖြူမြို့ခံများထံမှသိရသည်။
ကျောက်ဖြူမြို့တွင် တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနေရာများရှိနေသည်။ တရုတ်အစိုးရ၏ စီမံကိန်းနေရာများတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ် မသိရသေးပေ။ စစ်တွေ နှင့် ကျောက်ဖြူမြို့နယ်တိုက်ပွဲတွင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ မထိခိုက်အောင် AAက သတိထား၍ စစ်ရေးဖော်ဆောင်နေရသည်ဟုAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်အချို့ကပြောသည်။
AA က ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ကျောက်ဖြူ နှင့် သံတွဲ မြို့နယ် သုံးမြို့နယ်သာသိမ်းပိုက်ရန် ကျန်ရှိတော့သည်။ ဖေဖော်ဝါရီလတွင် စစ်တွေမြို့နယ်တွင်ရော၊ကျောက်ဖြူမြို့နယ်တွင်ပါ စစ်တပ်စခန်းများကို AA ကစတင်တိုက်ခိုက်လာပြီဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းအစပ်တို့တွင်လည်း AA က စစ်တပ်စခန်းများ၊တပ်ရင်းများ၊ စစ်ကူထပ်လာသောစစ်ကြောင်းများကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေသည်။
