ဟန်နွေ/People’s Spring
ချင်းတော်လှန်ရေးအင်အားစု နှစ်ခုဖြစ်သည့်ချင်းပြည်(Chinland)ကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်ကို ယနေ့ ဖေဖော်ဝါရီလ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့ရာ ကောင်စီနှစ်ခုကို ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီဟုခေါ်တွင်ရန် သဘောတူညီကြောင်း ပူးတွဲထုတ်ပြန်သည်။
ချင်းပြည်(Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်းပင်ခံကောင်စီ(ICNCC) အနေ ဖြင့် ချင်းပြည်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းကို မဖြစ်သင့်ကြောင်းနှစ်ဖက် လက်ခံယုံကြည်ကြ၍ ယခုကဲ့သို့ ကောင်စီသစ်တစ်ရပ်အဖြစ်ပေါင်းစည်းရန် သဘောတူခဲ့သည်ဟု အသိပေးသည်။
ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ကိုဖွဲ့စည်းရန်ကိုလည်း သဘောတူညီခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
ထို့ကြောင့်ချင်းလူမျိုးများ စည်းလုံးညီညွတ်ရေးအတွက် ယခု သဘောတူညီချက်များအပေါ် ချင်းပြည်သူများအားလုံး ဝမ်းမြောက်စွာ ကြိုဆိုကြပါရန် အသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီနှင့် ICNCCက ထုတ်ပြန်သည်။
ချင်းတော်လှန်ရေး အင်အားစုနှစ်ခုသည် ပြီးခဲ့သည့် အပါတ်အတွင်းက အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲကို မီဇိုရမ်ဝန်ကြီးချုပ်က စီစဉ်ပေးခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းတော်လှန်ရေးအင်အားစုနှစ်ခုပေါင်းစည်းရေးအောင်မြင်နိုင်မလားဆိုသည်ကိုမပြောနိုင်သော်လည်း ပေါင်းစည်းရေး အောင်မြင်စေလိုကြောင်းချင်းသတင်းရင်းမြစ်တဦးကလည်းပြောသည်။
“ချင်းလူမျိုး တယောက်အနေနဲ့ပဲဖြစ်ဖြစ် CC ချင်းလဲန်းကောင်စီဘက်ကပဲဖြစ်ဖြစ် ချင်းညီနောင်/ICNCC ဘက်ကနေပဲ ဖြစ်ဖြစ် ပြည်သူကတော့ သူတို့ အဲဒီနှစ်ဖက်စလုံး ပူးပေါင်းဖို့က အမြဲလိုလားပါတယ်။ တိုက်တွန်းလည်း တိုက်တွန်းချင်ပါတယ်။ အဲဒါကြောင့် အခုက ပထအကြိမ်ပဲ သူတို့တွေ့ဆုံတာ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမျိုးနဲ့ တကယ် လုပ်နိုင်မလား အဲဒါကတော့ ပြောဖို့ စောသေးတာပေါ့။ ဒါပေမဲ့ တဖွဲ့တည်းအနေနဲ့ ရပ်တည်ချင်ပါတယ် ပူးပေါင်းချင်ပါတယ်။ အဲဒါက ပြည်သူဘက်အနေနဲ့ လိုလားတာဖြစ်ပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ပေါင်းစည်းရေးအတွက်အဓိက ဆွေးနွေးရမည့် အကြောင်းအရာမှာ ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်ကိစ္စ ဖြစ်သည်ဟုဆိုသည်။ လက်ရှိတွင်ချင်းညီနောင်/ICNCCသည်AAနှင့်မဟာမိတ် အဖြစ် ပြုလုပ်ကာ ချင်းပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
“ပြီးရင်ပုဂ္ဂိုလ်အရမတည့်တာတွေရှိနိုင်တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်အရတော့ နားလည်လို့ရတယ်။ ဒါပေမဲ့ဘယ်သူမဆို ချင်းပြည် စည်းလုံးညီညွတ်ဖို့လိုတဲ့အတွက်ကြောင့် CB ဘက်ပဲဖြစ်ဖြစ် CC ဘက်ပဲဖြစ်ဖြစ် ကျနော်သိနိုင်သလောက်ဆိုရင်တော့ သူတို့ ပူးပေါင်းချင်တာပေါ့။ အဲဒါကြောင့် ဒါပေမဲ့ အခုက စောသေးတယ် ပထမအကြိမ်ပဲ ဖြစ်သေးတယ်။ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတော့ သူတို့ CC ဘက်လည်းပြန်ဆွေးနွေးမယ်ထင်တယ် ICNCC/CB အနေနဲ့လည်း ပြန်ဆွေးနွေးမယ်ထင်တယ်။ အဲဒီနောက်ပိုင်း၂ကြိမ်၊ သုံးကြိမ်လောက်မှာဆိုရင် တကယ်ပူးပေါင်းနိုင်မလားဆိုတာ အဖြေပေါ်လာမှာဖြစ်ပါတယ်” ဟု ချင်းသတင်းရင်းမြစ်က သူ၏အမြင်ကိုပြောသည်။
ချင်းပြည်ကောင်စီ ဖြစ်စေ ချင်းညီနောင်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပြဿနာမရှိဟုမြင်ကြောင်း ၎င်းကဆက်ပြောသည်။
AAနှင့် မဟာမိတ်ကိစ္စ ဆွေးနွေးညှိနှိုင်းနိုင်မည်ဆိုပါက ပေါင်းစည်းရေး အောင်မြင်နိုင်မည်ဟု ယူဆကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။
