▪︎နပခ ဌာနချုပ်တစ်ခုသာကျန်ပြီး မကြာမီသိမ်းယူနိုင်မည်ဟုဒေသခံအချို့ပြောကြား
အိမ်သွင်/People’s Spring
အမ်းမြို့တွင် အနောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ)မှ အပ ကျန် စစ်ကောင်စီတပ်စခန်းများအားလုံးကို အာရက္ခတပ်တော်(AA)ကသိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကာ နပခ ဆက်လက်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
“အမ်းမြို့တမြို့လုံးကို AAက ထိန်းချုပ်ထားပါပြီ။ နပခပဲ ကျန်တော့တယ်။ ဒါက နောက်ဆုံးအခြေအနေ။ စစ်တပ်က လေကြောင်းကတောက်လျှောက်ပစ်နေတယ်။ မြို့ထဲကအိမ်တွေထိထားတယ်”ဟု မြို့အနီးတွင် စစ်ဘေးရှောင်နေရသည့်ဒေသခံတဦးကပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲကို AAကစက်တင်ဘာလ၂၆ရက်တွင် စတင်ခဲ့သည်။အမ်းမြို့တွင် နပခအပါအဝင် စစ်ကောင်စီတပ်ရင်းစခန်း ၁၈ခုရှိသည့်အနက် ၈ ခုကို သိမ်းယူထားပြီးဖြစ်ကြောင်း AAက နိုဝင်ဘာလ ၁၃ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement
ခြေမြန်တပ်ရင်း ခမရ (၃၇၃)၊ အမြောက်တပ်ရင်း အမတ (၃၇၄)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ(၇၅၇)၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ (၃၄၅)၊ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း တစသ (၈)၊ ကုတင် ၃၀၀ စစ်ဆေးရုံ၊ စစ်ဖက်ရေးရာ လုံခြုံရေး တပ် (စရဖ)နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ကိုဦးစွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုနောက် ကျန်နေသော နပခဌာနချုပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ – ဆလ (၉၄၆)၊ ခြေမြန်တပ်ရင်း- ခမရ (၃၇၁)၊ ခမရ(၃၇၂)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ- လလစ (၇၅၇/၂)၊ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲ -ထပခ (၉၂၆)၊ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း- အဆရ (၈)၊ တပ်ထိန်းတပ်ခွဲ-တထခ (၁၀)နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း- စအရ (၉၁၉) တို့ကို ဆက်လက် တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာ၁၃ ရက်နေ့တွင်အသိပေးခဲ့သည်။
AAက ထပ်မံသတင်းမထုတ်ပြန်သေးသော်လည်းPeople’s Spring၏ မြေပြင်စစ်ရေးသတင်းမြစ်တဦးက နုဝင်ဘာလကုန်ပိုင်းတွင် အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီစခန်းများကို AAက ဆက်တိုက်သိမ်းယူနေပြီး နပခနှင့် လက်အောက်ခံတပ်ရင်းသုံးခုသာ ကျန်ရှိတော့သည်ဟု ပြောခဲ့သည်။
ထို့နောက်ယခုရက်ပိုင်းအတွင်းတွင် AAက စစ်ကောင်စီတပ်ရင်းများကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၄ ရက်အမ်းမြို့ စစ်ရေးအခြေအနေကို ဒေသခံတစ်ဦးက ” တပ်ရင်းတွေက စစ်သားတွေအကုန် နပခကို ဆုတ်ပြေးတာ။ ဒါကြောင့် နပခတစ်ခုပဲကျန်တော့တာ။ အခု စစ်တပ်က လေကြောင်းရော လက်နက်ကြီးရော ပစ်နေတယ်။ နပခလည်း တော်တော်ကြေနေပြီလို့ကြားတယ်။ မကြာခင် လက်နက်ချနိုင်တယ်” ဟု သူ၏အမြင်ကိုပြောသည်။
အမ်းမြို့တွင် တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဆုတ်ခွာထွက်ပြေးနေကြသည်။ ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများနှင့် AA၏ မဟာမိတ် တော်လှန်ရေးအဖွဲ့များကကြားဖြတ်တိုက်ခိုက်နေသည်။
AAသည် အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့သိမ်းတိုက်ပွဲများကို တချိန်တည်းတိုက်ခိုက်နေ သည်။တောင်ကုတ်မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနိုဝင်ဘာလ၂၉ရက်နေ့ကထုတ်ပြန်ခဲ့သည်။
အမ်းမြို့မှ နပခကို AA သိမ်းယူပြီးပါက စစ်ကောင်စီအတွက် နောက်ထပ်တိုင်းစစ်ဌာနချုပ်တခု လက်လွတ်ဆုံးရှုံးရမည်ဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA)က ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင် အပြီးသတ်သိမ်းယူထားသည်။
