Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ကြီးနှင့် လေကြောင်းရန်ကာကွယ်ရေး လိုက်နာရမည့်အချက် ၇ ချက်ကို မန္တလေး PDF ထုတ်ပြန်

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီက အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတိုးမြှင့်လုပ်လာနိုင်ဟု သတိပေး

လေကြောင်းရန်ကာကွယ်ရေးအချက်များကို ပြည်သူများအား မန္တလေး PDFက ရှင်းလင်းပြောကြားနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF

ဟန်နွေ ၊ ဇေအောင် /People’s Spring

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများပိုမိုတိုး၍ ပြုလုပ်လာနိုင်သောကြောင့် ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာလိုက်နာရမည့်အချက် ၇ ချက်ကို လိုက်နာရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-(MDY-PDF)က ယနေ့ ထုတ်ပြန်တိုက်တွန်းလိုက်သည်။

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ရှုံးမဲ မဲကာ ပြည်သူများနှင့် အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ ကျူးလွန်နေကြောင်း၊ လက်ရှိဖြစ်ပွားနေသော စစ်ရေးအခြေအ​နေများအရ စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာ၍ ပြည်သူများအ​နေဖြင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကာကွယ်ရေးအတွက် လိုက်နာရမည့် ၇ ချက်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် နေအိမ်အနီးနား၌ ခြံဝင်းအတွင်း၌ ဘန်ကာများနှင့် ဗုံးခိုကျင်းများ စနစ်တကျတူးဖော် ပြုလုပ်ထားရန် မန္တလေး PDFက လမ်းညွှန်သည်။

ရဟတ်ယာဥ်နှင့်တိုက်လေယာဥ်များ ပျံသန်းသည့်အ​သံကြားပါက ချက်ချင်း ဗုံးခိုကျင်း၊ ဘန်ကာများအတွင်း ပုန်းရှောင်ကြရန်၊လေကြောင်းတိုက်ခိုက်ချိန် လမ်းပေါ် ကွင်းပြင်ရောက်နေသည်ဆိုပါက နီးစပ်ရာအဆောက်အအုံသို့ ဦးတည်၍ ပြေးလွှားပုန်းရှောင်ရန်နှင့် လေကြောင်းတိုက်ခိုက်မှုကို ထွက်ကြည့်ခြင်းနှင့် အိမ်အပြင်ထွက်၍ မှတ်တမ်းဓါတ်ပုံရိုက်ခြင်းများ လုံးဝမပြုလု​ပ်သင့်ကြောင်း မန္တလေး PDFက သတိပေးသည်။

ပေါက်ကွဲလွင့်စင်လာသော ဗုံးအစအနများသည် အထက်ပိုင်းသို့ ပျံတက်လာလေ့ရှိသောကြောင့် မြေပြင်နှင့်ကပ်နေသောဇုန်သည် အန္တရာယ်အကင်းဆုံးဟု သတ်မှတ်နိုင်ကြောင်း၊ မှန်မပါသောနံရံများအနီး ကပ်နေသင့်သော်လည်း နံရံများအပေါ် မှီမထားသင့်ကြောင်း၊ မြေပြင်တုန်ခါသွားသည့်အချိန်၌ ဖြစ်ပေါ်လာသော ရိုက်ခတ်မှုကြောင့် ကိုယ်တိုင်ဒဏ်ရာအနာတရဖြစ်နိုင်ကြောင်း မန္တလေးPDFက အကြံပြုသည်။

ခန္ဓာကိုယ် ဝပ်နေသည့်အချိန်၌ မျက်နှာကို မြေကြီးနှင့်ကပ်ထားပြီး ခေါင်းအနောက်ဘက်ကို လက်ဖြင့်ယှက်၍ ကာထားရန်နှင့် ပေါက်ကွဲမှုအရှိန်ကြောင့် အဆုတ်ထိခိုက်နိုင်ခြေမှ ကာကွယ်ရန်အတွက် ပါးစပ်ကို အနည်းငယ်ဟထားရန် မန္တလေး PDFက သတိပေးသည်။

လေကြောင်းပျံသန်းမှုများကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် telegram group ( t.me/enemyairroute,t.me/nasairscout,t.me/WaiHin ) များမှတဆင့် သတင်းနားစွင့်နိုင်ကြောင်း မန္တလေး PDF က လမ်းညွှန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနမှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းရှင်းရေးလမ်းညွှန်ချက်များကို ပြည်သူများ နားလည်သဘောပေါက်စေရန် ရှင်းလင်းပညာပေးမှုများကို လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDFပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် စဥ့်ကူးမြို့ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။