တိုက်ပွဲအပြီး အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဖော်ဆောင်ရာတွင် မူလအစိုးရဝန်ထမ်းများ၊ တရုတ်အမျိုးသားအဖွဲ့များ ကူညီပံ့ပိုးပေးရန် တိုက်တွန်း
MNDAA တပ်ဖွဲ့များ စည်းကမ်းဖောက်ဖျက်ပါက အချိန်မရွေး တိုင်ကြားရန်နှင့် ပြည်သူကို ဖိနှိပ်မှုအား ပြင်းထန်စွာအရေးယူမည်ဟု အသိပေး
လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကြေညာထားသည့် ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့၏ အုပ်ချုပ်ရေးယန္တရားများကို ဆက်ခံလိုက်ကြောင်း ဇူလိုင် ၂၅ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
လားရှိုးမြို့စစ်ဆင်ရေးကို ဇူလိုင် ၃ရက်က စတင်ခဲ့ပြီးဇူလိုင် ၂၅ရက်တွင် မြို့ လွတ်မြောက် ပြီဟု MNDAAက ကြေညာကာ ယခုကဲ့သို့အုပ်ချုပ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ဆောင်မည့် အခြေအနေကို အသိပေးခြင်းဖြစ်သည်။

Public Service Announcement
လက်ရှိတွင် မြို့တွင်းခိုအောင်းနေသည့် စစ်ကောင်စီတပ်များကို လိုက်လံချေမှုန်းနေကြာင်း၊ လားရှိုး၏ အုပ်ချုပ်ရေးယန္တရားကို မြန်မာနိုင်ငံအထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီမှ လည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ(၁) ရဲတပ်ဖွဲ့မှ လည်းကောင်း မြို့နယ် ကာကွယ်ရေးကို MNDAAက လည်းကောင်း ဆက်ခံလိုက်ကြောင်း ကြေညာခဲ့သည်။
လားရှိုးမြို့၏ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဒေသခံအရပ်သား ပြည်သူများအား ဝန်ထုပ်ဝန်ပိုး နှင့် နေထိုင်ရေး အနှောက်အယှက်များ မဖြစ်စေရန် အထူးအလေးထားဆောင်ရွက်မည်ဟု ဖော်ပြထားသည်။
လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီကို တည်ထောင်လိုက်ပြီး တိုက်ပွဲအပြီး မြို့နယ် အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကို တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ရာ မူလက လားရှိုးမြို့ရှိ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုများ အနေဖြင့် မိမိလုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ကြရန် ကြေညာခဲ့သည်။



ထို့ပြင် တရုတ်အမျိုးသား လူမှုရေး အဖွဲ့အစည်းများအနေဖြင့် လားရှိုးဧရိယာ စစ်ရေး အုပ်ချုပ်မှု ကော်မတီ၏ လုပ်ငန်းများကို ကူညီပံ့ပိုးကြရန် တိုက်တွန်းကြောင်း ဖော်ပြသည်။
MNDAA တပ်ဖွဲ့ဝင်များ အနေဖြင့် လားရှိုးမြို့ စစ်ဆင်ရေးအမိန့်ကို တင်းကြပ်စွာလိုက်နာရမည်ဟုလည်း ဖော်ပြသည်။ရာထူးကို အလွဲသုံးစားလုပ်ပြီး အရပ်သားများ၏ အကျိုးအမြတ်ကို လုယူခြင်း ၊ အရပ်သားများ၏ စည်းစိမ်ဥစ္စာများကို သိမ်းယူခြင်းများ ကျူးလွန်ပါကပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးသည်။
အရပ်သားများအနေဖြင့် MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက် နေရာချခြင်းကို စိုးရိမ်ထိတ်လန့်စရာ မလိုဟု ဖော်ပြထားပြီး ဆိုင်ခန်းများ အနေဖြင့် ဆက်လက် ဖွင့်လှစ်နိုင်ကြောင်း ထုတ်ပြန်သည်။
MNDAA တပ်ဖွဲ့ဝင်များ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ပါက အချိန်မရွေး လာရောက် တိုင်ကြားနိုင်သည်ဟုလည်း ဖော်ပြထားသည်။
ပြည်သူ့ရေးရာ စည်းမျဉ်းစည်းကမ်းသည် အဓိက စည်းကမ်းဖြစ်၍ ပြည်သူလူထုကို ဖိနှိပ်ခြင်းအား လုံး၀ကန့်ကွက်ပြီး စည်းကမ်းချိုးဖောက်သူများကို ပြင်းထန်စွာ အရေးယူမည်ဟုလည်း MNDAAက ထပ်လောင်း အသိပေးသည်။
အထူးဒေသ(၁)ရဲတပ်ဖွဲ့မှ လားရှိုးမြို့တွင်းရှိ အွန်လိုင်း လိမ်လည်မှုများနှင့် တရားမဝင် လုပ်ငန်းများကို ပြင်းထန်စွာ တိုက်ဖျက်နှိမ်နင်းမည်ဟုလည်း ထုတ်ပြန်သည်။
ပြည်သူလူထုများအား စိုးရိမ်ထိတ်လန့် မှု ဖြစ်ပေါ်စေသည့် ဝါဒမှိုင်းတိုက်ခြင်း၊ သတင်းအတုထုတ်လွှင့်ခြင်းများနှင့်ပတ်သက်ပြီး အခြေအနေအပေါ်မူတည် အရေးယူမည်ဟုဆိုသည်။
တိုက်ပွဲကြောင့် ပျက်စီးသွားသည့် အရပ်သားနေအိမ်များ၏ ပြုပြင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီမှ အခြေအနေအပေါ်မူတည် ပံ့ပိုးမည်ဟုဆိုသည်။
ဒေသခံ အရပ်သားများအနေဖြင့် မိမိဆန္ဒအရ လူစုစည်းပြီး အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ၏ လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရား ဆက်ခံခြင်းကို လာရောက်ကြိုဆိုနိုင်သည်ဟုလည်း ထုတ်ပြန်သည်။
အခက်အခဲများ ရင်ဆိုင်နေရပြီး အကူအညီ တောင်းရန် လိုအပ်ပါက ဆက်သွယ်ရန် ဖုန်းနံပတ်များကိုလည်း MNDAAက ထုတ်ပြန်ထားသည်။
