တိုက်ပွဲအတွင်း အရပ်သားသေဆုံးထိခိုက်မှုရှိ
ဟန်နွေ/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၌ ယနေ့(ဇူလိုင် ၁၈) တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံတို့က အသိပေးသည်။
မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မြို့အချို့၌ စစ်ကောင်စီ တပ်နှင့် တိုက်ပွဲများအား တအာင်းတပ်မတော်(TNLA) က ဇူလိုင် ၁၄ရက်ညပိုင်းမှစ၍ ၄ရက်ကြာ အပစ်ရပ်စဲကြောင်း တစ်ဖက်သတ်ကြေညာခဲ့သော်လည်း ထိုသို့ ကြေညာပြီးနောက်ပိုင်း ယနေ့အထိ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့သည်။
မိုးကုတ်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ရာ ဇူလိုင် ၁၈ရက်က မိုးကုတ်မြို့ လေးမျက်နှာဘုရားကုန်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ကြောင်း ဒေသခံများ ရိုက်ကူးထားသည့် ရုပ်သံကို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြန်လည် ဖော်ပြခဲ့သည်။

Public Service Announcement
မိုးကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ၊ ဘီးတောင်၊ မတ္တမြားစေတီအနီး၊ ညောင်လေးပင်အနီး၊ မိုးကုတ်အရှေ့ပိုင်း ဖော်တော်ဦးဘုရားအနီး ၊ ကုန်းမြင့်သာယာ ဓမ္မရံသီ အနောက်တောင်ကြောအတွင်း တိုက်ပွဲများ ဖြစ်ခဲ့ဟု ဒေသသတင်းရင်းမြစ်က အသိပေးထားသည်။
ထို့ပြင် လက်နက်ကြီးကျ၍ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု သေဆုံးသူ၏ မိသားစုဝင် အချို့က လူမှုကွန်ရက်၌ ဖော်ပြသည်။
ယနေ့ ကုန်းမြင့်သာယာရပ်ကွက်သို့ လက်နက်ကြီးကျ၍ (၇၀)ကျော် သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ပြည်သူ လေးဦး သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်က ဓာတ်ပုံမှတ်တမ်းနှင့်အတူ အသိပေးထားသည်။
“ဒီနေ့ ထိခိုက်သေဆုံးတာ အရမ်းများတယ်။ ဘာလုပ်ရမှန်းကို မသိတော့ဘူး”ဟုလည်း မိုးကုတ် ဒေသခံတစ်ဦးက မိုးကုတ်နယ်ခံများ စုဖွဲ့ထားသည့် Facebook Groupတွင် အချင်းချင်း အသိပေးထားသည်။
နေအိမ်ဝင်းအတွင်း လက်နက်ကြီးကျရောက်မှု ဓာတ်ပုံမှတ်တမ်းကိုလည်း ဒေသခံက ဖော်ပြထားသကဲ့သို့ အချင်းချင်းဂရုစိုက်ရန် သတိပေးရေးသားမှုများလည်း တွေ့ရသည်။
” မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပစ်ခတ်နေတဲ့ နေရာနီးစပ်မှာ လက်နက်ကြီးသံကြားတဲ့အခါ ချက်ချင်းဝမ်းလျားထိုးဝပ်နေပေးပါ။ အစအသေးလေး မှန်တာနဲ့ အထိအခိုက်ကြီးနိုင်တာမို့ နေရာအကာအကွယ်ကောင်းကောင်းယူပြီး နေပေးကြပါရှင်။ အထိအခိုက်အဖိတ်အစင်များနေလို့ ပိုပြီးဂရုစိုက်ပေးကြပါရှင်”ဟုလည်း ဒေသခံတစ်ဦးက သတိပေးထားသည်။
မိုးကုတ်အပါအဝင် ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်း ဖော်ဆောင်လျက်ရှိသည့် မြို့နယ်များ၌ တိုက်ပွဲများ၊ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၈၀ ကျော်သေဆုံးကာ ၁၁၀ကျော် ဒဏ်ရာရရှိထားသည်။
(မိုးကုတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ – ဒေသခံ)
