Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် ကျေးရွာပေါင်း ၁၃၀ ခန့် ရေကြီးရေလျှံနေပြီး လူဦးရေတစ်သိန်းခန့် ရေဘေးဒုက္ခရောက်နေ

ရေကြီးမှုကြောင့် ပြည်သူများနှင့်အိမ်မွေးတိရစ္ဆာန်များ၏ နေထိုင်စားသောက်ရေး အခက်အခဲများရှိနေကြောင်း ရေစကြိုပအဖအဖွဲ့က ထပ်မံအသိပေးသည်။

(ရေကြီးရေလျှံနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပအဖ)
(ရေကြီးရေလျှံနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပအဖ)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၃၀ ခန့် ရေကြီးရေလျှံနေပြီး လူဦးရေတစ်သိန်းခန့် ရေဘေးဒုက္ခရောက်နေကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ စီးဆင်းနေပြီး ထိုမြစ်များ ထူးကဲမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်ဧရိယာအကျယ်အဝန်း၏ သုံးပုံ တပုံခန့်၊ ကျေးရွာပေါင်း ၁၃၀ ဝန်းကျင် ရေလွှမ်းနေကြောင်း ရေစကြိုပအဖအဖွဲ့က အသိပေးသည်။

ဇူလိုင် ၆ ရက်ကစ၍ ရုတ်တရက် ထူးကဲမြစ်ရေမြင့်တက်မှုကြောင့် စိုက်ပျိုးသီးနှံများအားလုံး ဆုံးရှုံးခဲ့သည့်အပြင် အိမ်ထောင်စု ၂၇၀၀၀ ခန့်ရှိ လူဦးရေစုစုပေါင်း တသိန်းခန့် ရေဘေးနှင့်ရင်ဆိုင်နေရကြောင်း ရေစကြိုပအဖအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ရေကြီးရေလျှံနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပအဖ)
(ရေကြီးရေလျှံနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပအဖ)

ရေကြီးနေသည့် ကျေးရွာပေါင်း ၁၃၀ခန့် အနက် တစ်ဝက်ခန့်မှာ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံထားရသည့်ကျေးရွာများဖြစ်ကြောင်း ရေစကြိုပကဖအဖွဲ့မှ ရဲဘော်ဝေကြီးက ပြောသည်။

“ဒုက္ခပေါ်မှာ ဒုက္ခဆင့်ပေါ့ဗျာ။ မြန်မာပြည်မှာ လူဖြစ်ရတဲ့ဒုက္ခပေါ့။ ပြည်သူတွေကတော့ ဆိုးရွားတဲ့စစ်ဘေးစစ်ဒဏ် အာဏာရှင်ဘေးကြီးတောင်မှ ကြံ့ကြံ့ခံရင်ဆိုင်တာ။ အခုလည်း ရေဘေးဖြစ်တဲ့အခါကျ ပြည်သူတွေအချင်းချင်း ဖေးမကူညီရင်း ရင်ဆိုင်နေကြရတယ်။ တခြားပြည်သူတွေကလည်း ဝိုင်းဝန်းပြီး ကူညီကြပါ၊ ထောက်ပံ့ကြပါ၊ ဖေးကူကြပါဦးလို့ သူတို့ ကိုယ်စားပြောလိုပါတယ်။”ဟု ရဲဘော်ဝေကြီးက ပြောသည်။

ထို့အပြင် ရေကြီးမှုကြောင့် ပြည်သူများနှင့်အိမ်မွေးတိရစ္ဆာန်များ၏ နေထိုင်စားသောက်ရေး အခက်အခဲများရှိနေကြောင်း ရေစကြိုပအဖအဖွဲ့က ထပ်မံအသိပေးသည်။

“မြင့်တဲ့ ဘုန်းကြီးကျောင်းတို့ဘာတို့မှာ တက်နေနေရတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိရေစကြိုပအဖအဖွဲ့က ရေဘေးသင့်ပြည်သူများ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ စည်းကာ ရေဘေးသင့်ပြည်သူများကို အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေး လုပ်ဆောင်ကာ အကူအညီပေးနေသည်ဟု သိရသည်။

(ရေကြီးရေလျှံနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပအဖ)
(ရေကြီးရေလျှံနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပအဖ)

ရေစကြိုမြို့နယ် ပြည်သူအများစုမှာ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ ညှင်းပန်းနှိပ်စက်မှုဒါဏ်များ ခံစားနေရသည့်အပြင် ရေဘေးသင့်မှုပါ ထပ်ဆင့်ခံစားနေရ၍ ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ၊ မြို့နယ်လူသားချင်းစာနာထောက်ထားရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ များ သို့ ဆက်သွယ်ကာ အလှူငွေများထည့်ဝင်နိုင်ကြောင်း ရေစကြိုပအဖအဖွဲ့က အသိပေးထားသည်။

ဇူလိုင်ပထမပတ်မှစတင်ကာ ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေကြီးရေလျှံမှုများကြောင့် ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အများအပြားမှ လူနေအိမ် များ ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည်။

အ​ပေါ်မှ​ရေများ​အောင်ဆင်းလာပြီး​နောက် ဧရာဝတီမြစ်ရေသည် မန္တလေး၊စစ်ကိုင်း၊ အမရပူရ၊ မင်းကွန်းဒေသတို့တွင် စိုးရိမ်ရေမှတ်အထက်၌မြင့်တက်နေပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။ ပုဂံတွင်လည်း မြို့ပေါ်နေရာများပါ ရေဝင်နစ်မြုပ်နေသည်။ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်၌ဆက်ရှိနိုင်သေးကြောင်း သတိပေးချက်များရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ချီဘွေမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုရှိခဲ့သည်။ ဒေသခံအချို့ကိုလည်း ဘေးလွတ်ရာသို့ပို့ဆောင်ထားရကြောင်းသတင်းရရှိသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တားမြစ်ချက်အားမလိုက်နာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတာဝန်သာဖြစ်ကြောင်း ပကဖက ထုတ်ပြန်ထားသည်။

သတင်း

ရေစကြိုမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာမှန်ကန်ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးသွားမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။