▪︎ကျောက်မဲမြို့ တွင် ယနေ့နံနက် တိုက်ပွဲဖြစ်နေ
မိထက်/People’s Spring
လေးရက်ကြာအပစ်ရပ်မည်ဟု ကိုးကန့်တပ်မတော်(MNDAA)က ကြေငြာထားသော်လည်း လားရှိုးမြို့တွင် ယမန်နေ့ (ဇူလိုင် ၁၄) ညနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်ခဲ့သလို ကျောက်မဲမြို့တွင် ယနေ့နံနက် ပစ်ခတ်သံများကြားနေရကြောင်းဒေသခံများကပြောသည်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် MNDAAက ဇူလိုင် ၁၄ရက် ညပိုင်း ၁၂နာရီမှစ၍ ၄ ရက်အပစ်ရပ်မည်ဟု တရုတ်ဘာသာဖြင့် ကြေညာခဲ့သည်။
သို့သော် ဇူလိုင် ၁၄ ရက်နေ့ညက လားရှိုး၊ ကျောက်မဲ၊ သီပေါမြို့တို့၌ တိုက်ပွဲပြင်းထန်ခဲ့ပြီးည ၁၁နာရီကျော်မိုးသည်းထန်စွာရွာသွန်းသည့်အချိန်မှသာ ပစ်ခတ်သံများရပ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
“လားရှိုးမှာဆိုရင် စစ်တပ်က လေကြောင်းကနေပါလာပစ်တာ။ ကျောက်မဲရော၊သီပေါရော၊လားရှိုးရောတစ်ကြောလုံး ချကြတာ။ အဓိကက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာ။ ဒီမနက်လည်း ကျောက်မဲမြို့မှာ ချနေကြတယ်” ဟု ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ကျောက်မဲမြို့တွင် ယခင်ရက်များထက် ယနေ့ (ဇူလိုင်၁၅)အနည်းငယ်ကထက် စစ်ရေးတင်းမာနေသည့်အနေအထားဟု ဒေသခံတဦးကပြောသည်။
“အခြေအနေက လုံးဝမကောင်းပါဘူး။ ပစ်ခတ်သံတွေကြားနေရပါတယ်။ အပြင်ထွက်လို့တောင် မသင့်တဲ့အနေအထားပါ” ဟု ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။
ကျောက်မဲမြို့တွင် ဇူလိုင် ၁၄ ရက်ညနေပိုင်းက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားနှစ်ဦးထပ်မံဒဏ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
၄ရက်ကြာ အပစ်ရထားမည်ဟု MNDAA ကြေငြာချက်၌ လားရှိုးမြို့ထိုးစစ်ဆင်မှုကိုသာ ရည်ညွှန်းထားသည်ကို တွေ့ရသည်။ သို့သော် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လာပါ ပြန်လည်ခုခံရန် အမိန့်ပေးထားသည်။
လက်ရှိစစ်ဆင်ရေးတွင် MNDAA ကလားရှိုးမြို့မှစစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီးတအာင်းတပ်မတော်(TNLA)က ကျောက်မဲ၊ သီပေါ၊နောင်ချို၊ မိုးမိတ်မြို့တို့ကို တိုက်ခိုက်နေခြင်းဖြစ်သည်။၄ရက်ကြာ အပစ်ရပ်မှုနှင့်ပတ်သက်၍ TNLAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
