Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးကန့်တပ်ဖွဲ့ကဲ့သို့ TNLAလည်း ၄ရက်ကြာ အပစ်ရပ်

တရုတ်နိုင်ငံ၏ စိုးရိမ်ချက်အရ ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ၁၈ရက် ည ၁၂နာရီအထိ အပစ်ရပ်ထားမည်ဟု ကိုးကန့်တပ် MNDAA က ယမန်နေ့က ထုတ်ပြန်သည်။

၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ဖော်ဆောင်နေသည့် တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်
၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ဖော်ဆောင်နေသည့် တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်

▪️အပစ်ရပ်ထားသော်လည်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်

ဟန်နွေ/People’s Spring

၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ဖော်ဆောင်နေသည့် တအာင်းတပ်မတော်(TNLA) အနေဖြင့်လည်း ယမန်နေ့ (ဇူလိုင် ၁၄)ညပိုင်းကစပြီး ၄ရက်ကြာအပစ်ရပ်စဲထားကြောင်း TNLA စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။

တရုတ်နိုင်ငံ၏ စိုးရိမ်ချက်အရ ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ၁၈ရက် ည ၁၂နာရီအထိ အပစ်ရပ်ထားမည်ဟု ကိုးကန့်တပ် MNDAA က ယမန်နေ့က ထုတ်ပြန်သည်။

MNDAA၏ မဟာမိတ် TNLA အနေဖြင့် အပစ်ရပ်ကြေညာချက်ကို ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း စစ်မြေပြင်သတင်းရင်းမြစ်က အပစ်ရပ်စဲထားကြောင်း အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ဟုတ်တယ် ကျနော်တို့လည်း ကိုးကန့်နဲ့အတူတူပဲ။ ၄ရက်ပေါ့နော်။ မနေ့ည ၁၂ကနေ ၁၈ရက်နေ့ ည ၁၂ထိ”ဟု TNLA စစ်မြေပြင်သတင်းရင်းမြစ်က ပြောသည်။

၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ဖော်ဆောင်နေသည့် တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်
၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ဖော်ဆောင်နေသည့် တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်

TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံသို့လည်း ယနေ့(ဇူလိုင် ၁၅)တိုက်ပွဲဖြစ်ပွားမှု ရှိ၊မရှိ နှင့် အပစ်ရပ်စဲထားမှု အခြေအနေတို့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့် တပ်မတော်(MNDAA) တို့က ယမန်နေ့ညပိုင်းမှစ၍ ၄ရက်ကြာ အပစ်ရပ်စဲထားသော်လည်း စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

တရုတ်နိုင်ငံ၏ စိုးရိမ်ချက်ကြောင့် ဇူလိုင် ၁၄ရက်ညမှ ၁၈ရက်ညအထိ TNLAနှင့် MNDAA တို့က အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ဇူလိုင် ၁၅ရက်တွင် လားရှိုး၊သိန္နီ ဒေသသို့ လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်လျက်ရှိသည်ဟုဆိုသည်။

” သိန္နီလမ်းဆုံကို ဗုံးကြဲတာ ဒီနေ့ ဟုတ်တယ်။ လားရှိုးဆိုရင် အဆက်မပြတ် လေယာဉ်တက်နေတယ်။ လားရှိုးမှာ လာကြဲတာ”ဟု သတင်းရင်းမြစ်က ပြောသည်။

ရှမ်းမြောက် သိန္နီမြို့လမ်းဆုံ၌ လေယာဉ်ဗုံးကြဲခံရမှု ရုပ်သံလည်းလူမှုကွန်ရက်၌ တွေ့ရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦး ပျက်စီးမှု ကားနှင့်လမ်း ပျက်စီးမှုများကို ရုပ်သံ၌ တွေ့ရသည်။

လောက်ကိုင်မြို့ကို ၂၀၂၄ ဇူလိုင် ၁၄ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်
လောက်ကိုင်မြို့ကို ၂၀၂၄ ဇူလိုင် ၁၄ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်

“ကားတွေရောနော်။ လူတော့မထိလောက်ဘူး၊ မထိဘူးလူက ၊ ဒီကနေ့ စင်တဲ့ဟာတွေ ဟိုမှာကြည့် ဟိုဘက်အိမ် ၊ လူထိသံတော့ ဘာမှ မကြားရဘူး။ အပေါက်တွေတော့အားရပါးရပဲ”ဟု ရုပ်သံ ရိုက်ကူးသူနှင့် ၎င်း၏ မိတ်ဆွေတို့ အချင်းချင်း စကား ပြောဆိုသံကို ရုပ်သံ၌ ကြားရသည်။

MNDAAသည်လားရှိုးကို ဇူလိုင် ၃ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် လားရှိုးဒေသခံ အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။

လားရှိုးမြို့ခံများ စစ်ရှောင်နေရပြီး မြို့ပေါ်၌ ပိတ်မိနေသူများလည်းရှိနေသည်ဟု ဒေသ သတင်းရင်းမြစ်တို့က အသိပေးသည်။

စစ်ကောင်စီတပ်သည် MNDAA နှင့် TNLA တို့ အပစ်ရပ်ခြင်းမပြုမီကလည်း လောက်ကိုင်မြို့နှင့် သိန္နီမြို့ကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲသည်။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်တွင် အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီဘက်က ကျောက်မဲမြို့သို့ စစ်အင်အား ၃၀၀ ခန့် ဖြည့်တင်းရန် ကြိုးပမ်းနေကြောင်း မြေပြင်သတင်းရင်းမြစ်နှင့် စစ်ရှောင်တို့ကို ကိုးကား ဖော်ပြသည်။

လောက်ကိုင်မြို့ကို ၂၀၂၄ ဇူလိုင် ၁၄ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်
လောက်ကိုင်မြို့ကို ၂၀၂၄ ဇူလိုင် ၁၄ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်

TNLAသည် ဇွန်လ ၂၅ရက်မှစ၍ ရှမ်းမြောက်ရှိ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ နှင့် မန္တလေးတိုင်း မိုးကုတ်တို့ရှိ စစ်ကောင်စီတပ်များကို မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ကို သိမ်းပိုက်ထားပြီး ကျန်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ထားသည်။

TNLA ခေါင်းဆောင်တစ်ဦးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က လက်ရှိတွင် စစ်ကောင်စီပြိုအောင် တကယ်တိုက်ခိုက်ပါက စစ်ကောင်စီပြိုမည်ဖြစ်၍ ဟန်ချက်ညီညီ တိုက်ကြရန် တိုက်တွန်းထားသည်။

(၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ဖော်ဆောင်နေသည့် တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်နှင့် လောက်ကိုင်မြို့ကို ၂၀၂၄ ဇူလိုင် ၁၄ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – The Kokang၊ TNLA)

ဆက်စပ်သတင်းများ

သတင်း

BGBဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် နတ်မြစ်တကြောမှာ ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

သတင်း

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။

သတင်း

မိုးကုတ်မြို့အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈)နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။