ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်း ဧရာဝတီမြစ်ရေများ ရုတ်တရက်ဝင်ရောက်လာ၍ ဆောက်လုပ်ရေးလုပ်သားနှင့် မိသားစုဝင် ၇ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက် ၁၀ နာရီခွဲခန့်က အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ဘေး၊ ယမ်းပျံရပ်ကွက်အနီးရှိ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းမြောင်းအတွင်း မြစ်ရေများရုတ်တရက် ကျိုးပေါက်ဝင်ရောက်လာ၍ စီမံကိန်းအတွင်းရှိနေသည့် ဆောက်လုပ်ရေးအလုပ်သမားနှင့် ၎င်းတို့၏မိသားစုဝင်များ ၇ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

“ဧရာဝတီမြစ်ကြီးရှိတယ်။ မြစ်ရဲ့အရှေ့ဘက်ထဲမှာ သူတို့လုပ်နေတဲ့စီမံကိန်းရှိတယ်။ ကုန်းမြေပေါ့။ အစကရေမြုပ်တဲ့နေရာတွေကိုဖို့ထားတာ။ အဲဒီကုန်းမြေနဲ့ တာရိုးလမ်းကြားထဲမှာ ချိုင့်ကြီးရှိတယ်။ အဲဒီချိုင့်ကြီးထဲကို ရေတွေရုတ်တရက်ဝင်လာတာ။ သူတို့တွေက ဟိုးအောက်က ကလိုင်ပေါက်ထဲရောက်နေချိန် ရေတွေရုတ်တရက်ဝင်လာတာပြောတယ်။ အခုဆယ်နေကြတယ်။ တစ်ယောက်မှမတွေ့သေးဘူး။”ဟု အမရပူရဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါ စီမံကိန်းအတွင်း ရေစတင်ဝင်လာသည့်နေရာမှာ ၂၀၂၂ အတွင်းက တာရိုးကျိုးခဲ့သည့်နေရာအနီးမှ ကျိုးပေါက်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဦးမောင်ဝိတ်၏ MBCCD (Mandalay Business Capital City Development)ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။

ဒီချုပ်အစိုးရလက်ထက်တွင်မူ သိသိသာသာဆောင်ရွက်ခြင်းမပြုဘဲ ယခုစစ်တပ် အာဏာသိမ်းပြီးချိန်၌ လျင်မြန်စွာဆောက်လုပ် နေခြင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်အတွင်း ကျွန်းမြေများနှင့် ထောင်ချီသော မြစ်ဘေးမြေများကို ပြုပြင်ဆည်ဖို့ကာ ဆောက်လုပ်နေကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်ပထမပတ်မှစတင်ကာ ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေကြီးရေလျှံမှုများကြောင့် ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အများအပြားမှ လူနေအိမ် များ ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည်။
အပေါ်မှရေများအောင်ဆင်းလာပြီးနောက် ဧရာဝတီမြစ်ရေသည် မန္တလေး၊စစ်ကိုင်း၊ အမရပူရ၊ မင်းကွန်းဒေသတို့တွင် စိုးရိမ်ရေမှတ်အထက်၌မြင့်တက်နေပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။ ပုဂံတွင်လည်း မြို့ပေါ်နေရာများပါ ရေဝင်နစ်မြုပ်နေသည်။ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်၌ဆက်ရှိနိုင်သေးကြောင်း သတိပေးချက်များရှိနေသည်။
