ထားမြတ်/People’s Spring
ဆဲဗင်းဇူလိုင် အရေးတော်ပုံနေ့ အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)က ကျင်းပခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်သည်။
ယနေ့(ဇူလိုင်လ ၇ ရက်)ကျရောက်သော (၆၂)နှစ်မြောက် ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၊ ကျောင်းသားတပ်မတော်၊ ABSDF သထုံခရိုင်အတွင်းရှိ ABSDFတပ်ရင်းတပ်ဖွဲ့များ စုပေါင်းစုံညီစွာဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြန်ထားရာ ၁၉၆၂ ဆဲဗင်းဇူလိုင် (ဇူလိုင် ၇ ရက်)နှင့် ဇူလိုင် ၈ ရက်တို့သည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီပညာရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နောင်တော် ကျောင်းတော်သားကြီးများ၏ အသက်သွေး ပေးဆပ်တိုက်ပွဲဝင်သွားခဲ့သည့် သမိုင်းဝင် သွေးမြေကျ နေ့ရက်ကြီးများဖြစ်ကြပြီး (၆၂)နှစ်မျှပင် ရှိခဲ့ပြီဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

အာဏာသိမ်း ဗိုလ်နေဝင်း စစ်အုပ်စု၏ စစ်အာဏာရှင်စနစ်အမြစ်တွယ်ခိုင်မာရေး စတင်ခဲ့သည့်နေ့ရက်အား တပ်ဦးမှ ကြွေးကြော်တိုက်ပွဲဝင်ခဲ့ကြသည်ကို စစ်အုပ်စုမှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ပွဲဦးထွက် သတ်ဖြတ်မှုကြီးပင် ဖြစ်ကြောင်း၊ ၁၉၆၂ ခုနှစ် တလစမှ အစပြု၍ နိုင်ငံတော်၏ အချုပ်အချာ အာဏာအား စစ်တပ်ပိုင်ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းလာခဲ့သည်ကို မဆလ၊ နဝတ၊ နအဖ၊ စကစ ခေတ်အဆက်ဆက် စစ်အုပ်စု အသီးသီး၏ အာဏာသိမ်း လုပ်ရပ်များက အထင်အရှားပြသခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း ABSDFက ထုတ်ပြန်သည်။
စစ်အုပ်စု၏ စစ်အာဏာရှင်စနစ်အမြစ်တွယ်ရေး မျိုးစေ့ချအစီအစဉ်နှင့် နိုင်ငံတော်အာဏာ သိမ်းပိုက်ရေးစီမံကိန်းတို့ကြောင့် ပြည်သူလူထုတရပ်လုံး ဘက်ပေါင်းစုံ အကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး အဖက်ဖက်မှကျဆင်းနိမ့်ကျခဲ့ရကာ နည်းမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့်မှုများကို ခါးစီးခံခဲ့ကြရကြောင်း၊ သို့ရာတွင် စစ်အုပ်စု၏ မတရားအကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုများကို တိုက်ပွဲနည်းလမ်းစုံဖြင့် လူမျိုးပေါင်းစုံ တိုင်းရင်းသားလူငယ်များအပါအဝင် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း တိုက်ပွဲ ဝင်လာခဲ့ကြကြောင်း ဖော်ပြသည်။
အနှစ်နှစ် အလလလက်နက်ဖြင့်အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလာခဲ့သည့်စစ်တပ်အား တော်လှန်ဆန့်ကျင် တိုက်ပွဲဝင်ရန် အကြမ်းမဖက်နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးသို့ တမဟုတ်ချင်း ကူးပြောင်းခဲ့ပြီး တော်လှန်ရေးအင်အားစုများ ဖွဲ့စည်းတည်ထောင် လာခဲ့ကြကြောင်း၊ နိုင်ငံတနံတလျား လက်နက်ကိုင်ပဋိပက္ခများက အာဏာသိမ်းစစ်ကောင်စီကို အထိနာစေခဲ့ပြီး စစ်တပ်ယန္တရား ပြိုကျယိုယွင်းလာခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။
စစ်တပ်အင်အား ချိနဲ့လာမှုကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းကာ လူငယ်နှင့်အမျိုးသမီးများကို စစ်သားစုဆောင်းလာခဲ့ရာ လူငယ်နှင့်အမျိုးသမီးများမှလည်း တော်လှန်ရေးနယ်မြေနှင့် နိုင်ငံရပ်ခြားအသီးသီးသို့ ထွက်ခွာသွား ကြပြီး စစ်အာဏာရှင်အောက်တွင် စစ်မှုထမ်းရန် ဆန့်ကျင်ငြင်းဆန်မှုများ ပြုခဲ့ကြသည်ဟု ဆိုသည်။
ထို့အပြင် ပုဂ္ဂလိက စီးပွားရေးနယ်ပယ်ကိုလည်း နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဖိနှိပ်မှုတို့ကြောင့် မြန်မာ့စီးပွားရေး နယ်ပယ်သည်လည်း ပြန်လည်ဦးမော့စေရန် ခက်ခဲနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ နိုင်ငံရေးအခြေအနေများအောက်မှ ထွက်ပေါက်အဖြစ် စစ်အုပ်စုမှ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် အင်အားစုများအား ဖိတ်ခေါ်ကမ်းလှမ်းမှု၊ နိုင်ငံတကာ ထောက်ခံမှုရနိုင်မည့် ဟန်ပြရွေးကောက်ပွဲ ကျင်းပရန်ကြိုးပမ်းမှု၊ အကျဉ်းသားအချို့ကို လွှတ်ပြမှု၊ စစ်တပ်ထောက်ခံပွဲများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မှုများနှင့် NCA ပြန်လည်အသက်သွင်းရေး လုပ်ငန်းစဉ်များကို အားထုတ်ပုံဖော်လာခဲ့သော်လည်း စစ်အုပ်စုအနေဖြင့် လူထုထောက်ခံမှု နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု မရရှိခဲ့ဟုဆိုသည်။
၁၉၆၂ စစ်အုပ်စုဖြိုခွင်းခဲ့သည့် ဆဲဗင်းဇူလိုင် အရေးတော်ပုံကြီးသည်(၆၂)နှစ် တိုင်ခဲ့ပြီဖြစ်သော်လည်း သမိုင်းဝင်ကျောင်းသားလှုပ်ရှားမှုကြီးသည် ပျောက်ကွယ် ပျက်သုဉ်းသွားခြင်းမရှိဘဲ ရှင်သန်ခိုင်မာလျက်ပင်ရှိနေကြောင်းနှင့် ကျောင်းသားသမဂ္ဂ အလံတော် အောက်တွင် တညီတညွတ်တည်းရှိနေကြောင်းကို ယနေ့တိုက်ပွဲဝင်နေကြသော ကျောင်းသားလူငယ် မျိုးဆက်တို့က ရှင်းရှင်းလင်းလင်း ထင်ဟပ်ဖော်ပြနေသည်ကို တန်ဖိုးထား လေးစားဖွယ် မြင်တွေ့ နေရကြောင်းလည်း ABSDFက ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – ABSDF
