ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်စစ်ကြောင်း လွိုင်ကော်မြို့တွင်းသို့ ဝင် ရောက်နိုင်ရန်ကြိုးပမ်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ပြောသည်။
လက်ရှိတွင်စစ်ကောင်စီ၏ တပ်မ ၅၅ နှင့် ၆၆ လက်အောက်ခံ တပ်ရင်းများသည် လင်ဖုံလေးလမ်းမ နှင့် ထေးပလောခူ ရွာ ဘက်သို့ ထိုးစစ်ဆင်နေသည်ဟု သိရသည်။
“ထေးပလောခူ ပြီးရင် ထေးဌားလျား တို့ နာနတ်တော ရပ်ကွက်ထဲကို ရောက်လာဖို့ရှိတယ်ပေါ့။တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။စကစ ဘက်က လက်နက်ကြီး ပစ်ကူ အဆမတန်သုံးပြီး တိုးဝင်ဖို့ကြိုးပမ်းနေတာလည်းပါတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

ဇွန်လ ၉ ရက်ကစ၍ လွိုင်ကော်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်ပြီး စက်မှုဇုန်အနီးရှိ လယ်တွဲရွာ၊ ကုန်းသာရွာ၊ ထီရိရွာ နှင့် ကယန်းသာယာရွာတို့ကို စစ်ကောင်စီက နယ်မြေစိုးမိုးမှု ရရှိရန်ကြိုးပမ်းနေခြင်း ကြောင်း ထိုအနီးတစ် ဝိုက် ထိတွေ့တိုက်ပွဲများရှိခဲ့သည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသည့် ပုံစံအရ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ကနဦး ထိန်းချုပ်နိုင်ရေး ရည်ရွယ်ထားပြီး ထို့နောက် မိုးဗြဲ နှင့် လွိုင်ကော် မြို့များ သို့ စစ်ကြောင်း ဝင်နိုင်သည်ဟု ကရင်နီတပ်ပေါင်းစုက ခန့်မှန်းထားသည်။
ဇွန်လ ဒုတိယပတ်က မိုးဗြဲ မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို ဖယ်ခုံ PDF နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဒရုန်းတစ်စီး ကို ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူ ပြောသည်။
ထို့အတူ မိုးဗြဲအခြေစိုက် အမှတ် ၄၂၂ ခြေလျင်တပ်ရင်း (ခလရ ၄၂၂)တပ်က လည်း မိုးဗြဲ မြို့တွင်းသို့ ထိုးစစ်ဆင်လာပြီး လွိုင်ကော်မှ လာသည့် စစ်ကောင်စီတပ်နှင့်ပူးပေါင်းရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။
မေလ ဒုတိယပတ်ကစ၍ ရှမ်းပြည်နယ် ဆီဆိုင်မြို့မှတဆင့် ကရင်နီပြည်နယ်၊လွိုင်ကော်မြို့သို့ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်ဖြန့်ကျက်နေရာယူထား ကြောင်း ဇွန်လ ပထမပတ်တွင် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောဆိုထားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သော ကရင်နီ ပြည်နယ် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ပြည်နယ်ပြင်ပမှနေ၍ စစ်ကောင်စီက ပထမဆုံးအကြိမ် စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်ပြီး ၎င်းတို့ ဆုံးရှုံးထားသော စခန်းများကို ပြန်လည်ရယူရန် ဟု ကရင်နီတပ်ပေါင်းစုက သုံးသပ်သည်။
သို့သော် စစ်ကောင်စီဝါဒဖြန့် တယ်လီဟရန်ချန်နယ်များကမူ စစ်တပ်စစ်ကြောင်းသည် လွိုင်ကော်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်နေကြသည်။
