close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်က ကတိပျက်ရင် တိုက်ပွဲတွေ ပြန်စလာနိုင်တယ်လို့ အစ္စရေး သတိပေး

အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တွေကို ဟားမားစ်ဖက်က တိတိကျကျ မလိုက်နာဘူးဆိုရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တွေကို ဟားမားစ်ဖက်က တိတိကျကျ မလိုက်နာဘူးဆိုရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေးခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်တို့ဟာ အမေရိကန် သမ္မတ ကြားဝင် စေ့စပ်ပေးထားတဲ့ ဂါဇာ ငြိမ်းချမ်းရေး အဆိုပြုချက်ကို လက်ခံပြီး လောလောဆယ် အပစ်အခတ် ရပ်စဲထားပါတယ်။ အဲဒီ သဘောတူညီချက်အရ ဟားမားစ်ဟာ အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးခဲ့ပြီး သေဆုံးသူ ဓားစာခံ ရုပ်အလောင်းတွေကိုလည်း ပြန်လည် လွှဲအပ်ပေးခဲ့ရပါတယ်။

အသက်ရှင်လျက်သား ဓားစာခံ ၂၀ စလုံးကို ဟားမားစ်က ပြန်လွှတ်ပေးထားပေမယ့် ရုပ်အလောင်းတွေ လွှဲပေးမှုမှာတော့ လောလောဆယ် ပြဿနာတွေ ကြုံနေပါတယ်။ ဟားမားစ်ဟာ ဓားစာခံ ၂၈ ယောက်ရဲ့ အလောင်းတွေကို လွှဲပေးရမှာဖြစ်ပြီး အလောင်း ၁၇ ခုကိုပဲ လွှဲပေးရပါသေးတယ်။ အဲဒီထဲက အလောင်း ၈ လောင်းဟာ အစ္စရေး ဓားစာခံတွေ မဟုတ်ဘူးလို့ အစ္စရေးက စွပ်စွဲထားပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းတုန်းက အလောင်း ၂ လောင်းကို နောက်ဆုံးအသုတ် လက်လွှဲပေးပြီးတဲ့နောက် ဟားမားစ်က ဂါဇာမှာရှိတဲ့ အပျက်အစီးတွေအောက် ပိတ်မိနေတဲ့ နောက်ထပ် ဓားစာခံ အလောင်းတွေကို ရှာဖို့ သူတို့ မစွမ်းသာတော့ကြောင်း၊ နည်းပညာနဲ့ တခြား အထောက်အကူတွေ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဟားမားစ်ဟာ အမေရိကန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုမှာ ပေးထားတဲ့ ကတိအားလုံးကို တည်ဖို့ လိုကြောင်း၊ အဲဒီလို မဟုတ်ရင်တော့ တိုက်ပွဲတွေ ပြန်စလာမှာဖြစ်ပြီး အစ္စရေးကလည်း ဟားမားစ်တွေကို အပြီးသတ် ချေမှုန်းဖို့၊ ဂါဇာရဲ့ အရှိတရားကို ပြောင်းလဲပစ်ဖို့ဆိုတဲ့ စစ်ရေး ရည်မှန်းချက် အားလုံး အောင်မြင်တဲ့ထိ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်ကတော့ ပေးထားတဲ့ ကတိအတိုင်း အစ္စရေး ဓားစာခံ အားလုံးကို ပြန်လွှတ်ခဲ့ပြီး ဖြစ်သလို ရနိုင်သမျှ ဓားစာခံ ရုပ်အလောင်းတွေကိုလည်း အစ္စရေးဆီ လွှဲအပ်ပေးခဲ့ကြောင်း၊ ဒါပေမဲ့ ကျန်နေသေးတဲ့ အလောင်းတွေကို ပြန်ရှာတွေ့ဖို့ဆိုရင် အချိန်လည်း ပိုလိုအပ်သလို အထူးကိရိယာတွေလည်း ရှိရမှာ ဖြစ်ကြောင်း၊ အလောင်းတွေကို ပြန်ဖော်ယူဖို့၊ ရှာဖွေဖို့ကို အစွမ်းရှိသမျှ ကြိုးစား လုပ်ဆောင်နေကြောင်း တုံ့ပြန်ထားပါတယ်။

တိုက်ပွဲတွေ ပြန်စလာနိုင်တယ်ဆိုတဲ့ အစ္စရေးရဲ့ ခြိမ်းခြောက်မှုအပြီး အမေရိကန် အစိုးရရဲ့ ထိပ်တန်း အကြံပေး အရာရှိတွေကတော့ ဟားမားစ်ဟာ ပေးထားတဲ့ ကတိကို တည်နိုင်အောင် အပူတပြင်း ကြိုးစားနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ဖက်က နားလည်ထားတာကတော့ ဟားမားစ်ဟာ သဘောတူညီချက်ကို လေးစား လိုက်နာဖို့ အာသီသရှိပြီး တကယ်လည်း ကတိတည်နိုင်အောင် ကြိုးစားနေကြောင်း၊ ဓားစာခံ အလောင်းတွေ အားလုံး မှန်မှန်ကန်ကန် လွှဲပြောင်းပေးတဲ့ ကိစ္စကို ဟားမားစ် ကိုယ်တိုင်ကလည်း အမြန်ဆုံး အောင်အောင်မြင်မြင် အပြီးသတ်ချင်နေကြောင်း အမည်မဖော်တဲ့ အမေရိကန် အစိုးရ အကြံပေး ပုဂ္ဂိုလ် တစ်ဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အစ္စရေးကတော့ ဓားစာခံတွေနဲ့ ရုပ်အလောင်းတွေအားလုံး ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် လွှဲပြောင်းမှု မပြီးမချင်း ဂါဇာကို လူသားချင်း စာနာမှု အထောက်အပံ့တွေ ပြန်လည် ဝင်ရောက်ခွင့် ပြုမှာမဟုတ်ကြောင်း ပြောထားပါတယ်။ ဒါပေမဲ့လည်း အလောင်းအားလုံး ပြန်မရသေးတဲ့တိုင် အဲဒီ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုအပေါ် သံတမန်ရေးအရ ဖိအားပေးမှုတွေလည်း ရှိလာနိုင်ပါတယ်။

အစ္စရေး အစိုးရရဲ့ လက်ယာစွန်း နိုင်ငံရေးဝါဒီ အမျိုးသား လုံခြုံရေး ဝန်ကြီး အစ်တာမာ ဘန်ဂျီဗာက လက်ကျန် ရုပ်အလောင်းတွေကိုသာ ဟားမားစ်က ပြန်မပေးနိုင်ရင် ဂါဇာအတွက် အရေးတကြီး လိုအပ်နေတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်မှု လမ်းကြောင်းအားလုံးကို ပိတ်ပစ်သင့်ကြောင်း ပြောကြားထားပါတယ်။

ဟားမားစ်က အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ခဲ့သလို အစ္စရေးကလည်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၁၇၀၀ လောက်ကို ပြန်လည် လွှဲအပ်ပေးခဲ့ပါတယ်။ နောက်ပြီး အစ္စရေး ဖမ်းဆီးထားစဉ် အတောအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်း ၉၀ ရဲ့ အလောင်းတွေကိုလည်း အစ္စရေးက လက်လွှဲပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

တခြားတစ်ဖက်မှာတော့ အစ္စရေးဟာ ဂါဇာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ထားကြောင်း စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ ဂါဇာ ပြည်သူ့လုံခြုံရေး ဌာနက အောက်တိုဘာ ၁၅ ရက်နေ့မှာ အစ္စရေး တပ်တွေဟာ ပါလက်စတိုင်း ၃ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီထဲက ၂ ယောက်ဟာ ဂါဇာစီးတီးမှာရှိတဲ့ နေအိမ်ဆီ ပြန်သွားဖို့ ကြိုးစားချိန် ပစ်သတ် ခံခဲ့ရတာလို့ ဆိုပါတယ်။

အစ္စရေး စစ်တပ်ကတော့ ကျော်လွန်မလာဖို့ သတ်မှတ်ထားတဲ့ စည်းကို မသင်္ကာစရာ ကျော်ဖြတ်လာသူ တချို့ကို တားဆီးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို စည်းကျော်မှုတွေကသာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ရာရောက်ပြီး အစ္စရေး စစ်သားတွေက မသင်္ကာသူတွေကို တိုက်ခိုက်ပြီး ကြုံလာနိုင်တဲ့ ခြိမ်းခြောက်မှုကို ရှင်းလင်းခဲ့ရုံသာ ဖြစ်တယ်လို့ အစ္စရေးဖက်က တုံ့ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေ အနေနဲ့ လက်နက် စွန့်မလား၊ အကြမ်းနည်းနဲ့ လက်နက် ဖြုတ်သိမ်းတာ ခံမလား ဆိုတာကို ရွေးရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီး ထိန်းသိမ်းထားချိန် အတောအတွင်း သေဆုံးခဲ့တဲ့ အစ္စရေး ဓားစာခံတွေထဲက ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဟားမားစ် ပြောက်ကျားတွေက ပြန်လည် ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုအခါဂါဇာကမ်းမြှောင်ဒေသမှာပြန်လည် ထူထောင်ရေးကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

‘စစ်ပွဲပြီးသွားပြီ’လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။ ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်ပြီး အမေရိကန်က ထဲထဲဝင်ဝင် ပါဝင် ညှိနှိုင်းပေးခဲ့တဲ့နောက် အခုရလဒ်ကို ထရမ့်က အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Facebook