close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတအဖြစ် ကျမ်းကျိန်မယ်လို့ မာဒါဂါစကာ အာဏာသိမ်းစစ်တပ် အကြီးအကဲပြော

လူထု ထောက်ခံမှု ကျဆင်းနေတဲ့ သမ္မတဆီက အာဏာသိမ်းပြီးတဲ့နောက် မာဒါဂါစကာ စစ်ခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

လူထု ထောက်ခံမှု ကျဆင်းနေတဲ့ သမ္မတဆီက အာဏာသိမ်းပြီးတဲ့နောက် မာဒါဂါစကာ စစ်ခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ ကြေညာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ကျွန်းနိုင်ငံနဲ့ ဆက်ဆံရေးကို အာဖရိက သမဂ္ဂက ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီရန်နာရီနာက သူကိုယ်တိုင် သမ္မတသစ်အဖြစ် တာဝန်ယူမယ့် အကြောင်းကို အတည်ပြုခဲ့တာပါ။

ဆင်းရဲနွမ်းပါးမှု၊ ဆင်းရဲကျပ်တည်းမှုတွေဒဏ်ကြောင့် လူထုက သမ္မတ အန်ဒရီ ရာဂျိုလီနာရဲ့ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ အရှိန်မြင့်လာတဲ့နောက် အခုသီတင်းပတ်မှာ စစ်တပ်က ကြားဝင်ပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်တပ်က ဦးဆောင်တဲ့ ကြားကာလ အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး ရန်ဒရီရန်နာရီနာက သမ္မတ ဖြစ်လာမယ့် သဘောပါ။

ပြည်တွင်းမှာ လူငယ်တွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို စစ်တပ်ကပါ ပူးပေါင်းခဲ့တဲ့နောက် ရာဂျိုလီနာကတော့ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းလိုက်တဲ့အကြောင်း မြို့တော် အန်တာနာနာရီဗိုမှာ ကြေညာခဲ့တဲ့အခါ ရန်ဒရီရန်နာရီနာက စစ်တပ်ဟာ အမျိုးသားလွှတ်တော်ကလွဲလို့ နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ အစိုးရ ဌာန အသီးသီးကို လက်လွှဲ ကိုင်တွယ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိ တချို့ကတော့ သမ္မတသစ်အဖြစ် ရန်ဒရီရန်နာရီနာရဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှုဟာ ရက်အနည်းငယ်အတွင်း အကောင်အထည် ပေါ်လာနိုင်ကြောင်း ပြောပါတယ်။

အာဖရိက သမဂ္ဂကတော့ မာဒါဂါစကာမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာကြောင့် အဖွဲ့ဝင်အဖြစ် သတ်မှတ်ချက်ကို ယာယီ ဆိုင်းငံ့ထားမှာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ ချက်ချင်း အသက်ဝင်မယ်ုလိ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံအာဏာကို တရားမဝင် နည်းလမ်းနဲ့ ရယူခဲ့တဲ့အပေါ် တုံ့ပြန်ခြင်း ဖြစ်တယ်လို့ အာဖရိက သမဂ္ဂရဲ့ ဥက္ကဋ္ဌ မာမတ် အလီ ယူဆွတ်ဖ်က ပြောကြားခဲ့ပါတယ်။ တရားနည်းလမ်းကျမှုဟာ အင်အားသုံးခြင်းရဲ့ အထက်မှာ အမြဲတမ်း ရှိနေဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ရန်ဒရီရန်နာရီနာကတော့ စစ်တပ်ဦးဆောင်တဲ့ ကော်မတီဟာ ကြားကာလ အုပ်ချုပ်ရေး ကောင်စီနဲ့အတူ ၂ နှစ်ကြာ တာဝန်ယူ အုပ်ချုပ်ပြီးရင် ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။

သူဟာ စစ်တပ်ရဲ့ CAPSATဆိုတဲ့ အထူးယူနစ်ကို ကြီးမှူးသူဖြစ်ပြီး သူ့ရဲ့ တပ်တွေကပဲ ၂၀၀၉ ခုနှစ်မှာ အာဏာသိမ်းပြီး ရာဂျိုလီနာ သမ္မတဖြစ်လာအောင် ကူညီပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့နှစ်ဦးကြား ဆက်ဆံရေး ပျက်ပြားလာခဲ့ပြီး ရာဂျိုလီနာက ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ် ဖြိုခွင်းခိုင်းတဲ့ အမိန့်ကို မလိုက်နာဖို့ ရန်ဒရီရန်နာရီနာက သူ့ရဲ့ စစ်သားတွေကို တားဆီးခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် ရာဂျိုလီနာဟာ ပြင်သစ်စစ်တပ်ရဲ့ လေယာဉ်တစ်စီးနဲ့အတူ ပြည်ပကို တိမ်းရှောင်သွားခဲ့ပါတယ်။ သူက မာဒါဂါစကာမှာ ဆက်နေရင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်တာကြောင့် ထွက်ပြေးခဲ့ရတာလို့ ပြောပါတယ်။ သူဘယ်မှာ ရှိနေသလဲ ဆိုတာကို တရားဝင် မကြေညာပေမယ့် ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့ကို ရောက်နေတယ်လို့ ယုံကြည်ရကြောင်း သံတမန် အသိုက်အဝန်းက ခန့်မှန်းထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook