သြဂုတ်-၃၀၊၂၀၂၅။လူအေး/People’s Spring
CDF ဟားခါးဖမ်းဆီးခဲ့သည့် မူးယစ်ဆေးအမှုနှင့်ပတ်သက်၌ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ အမိန့်ဖြင့် ဖမ်းဆီးစစ်ဆေးနေသည်။
ဖိုးဇေဟု လူသိများသည့်ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူး ဇေယာဌေးကိုကို သြဂုတ်လ၂၆ရက်နေ့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း NUG နှင့်မြေပြင်မှ သတင်းရင်းမြစ်အချို့ကအတည်ပြုသည်။
“MODရဲ့ ညွှန်ကြားချက်နဲ့ ဖိုးဇေကို ဖမ်းသွားတာပါ။ မြေပြင်မှာပွတ်တိုက်မှုတချို့တော့ရှိခဲ့တယ်။ဒါပေမယ့်သေချာညှိနှိုင်းပြီးထိန်းသိမ်းလိုက်ပါတယ်”ဟု ယင်းမာပင်ခရိုင်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
MOD အောက်ရှိ ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင် ၈ရက်တွင် CDFဟားခါးက ဖမ်းမိခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုကို MODတရားရေးနှင့်စစ်စည်းကမ်းထိန်းသိမ်းရေးဌာနက ကိုင်တွယ်စစ်ဆေးခဲ့ပြီး နှစ်လနီးပါးအကြာတွင် ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။
NUG ၊ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ဟုတ်ပါတယ်ဗျ ။အဲဒီမူးယစ်ဆေးဝါးဖမ်းမိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်စပ်သံသယရှိတဲ့သူတွေကို ဆက်လက်ဖမ်းဆီးပြီးတော့စုံစမ်းစစ်ဆေးနေလျက်ရှိတာဖြစ်ပါတယ် ။အဲဒီမှာလည်းပဲ ခရိုင်တပ်ရင်း ၁၄ တပ်ရင်းမှူး သူကလည်း သံသယစာရင်းထဲမှာပါနေတဲ့အတွက် ကြောင့်မို့ဖမ်းဆီးပြီးတော့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ် ။ ပေါ်ပေါက်မှုအပေါ်မူတည်ပြီးတော့ ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) နှင့် တပ်ရင်း(၁၅)သည် MOD အောက်၌ မစုစည်းရသေးခင်က Salingyi Special Task Force(SSTF) အနေဖြင့်ဒေသကာကွယ်ရေးတပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
CDF ဟားခါးဖမ်းဆီးခဲ့ကြောင်း သတင်းထွက်လာပြီးနောက်ရဲဘော်လေးယောက်၊ သေနတ်နှစ်လက်၊ ကား နှစ်စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ ပေးအပ်ခဲ့သည်မှာ မှန်ကန်သော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြသည်မှာ ရဲဘော်များ၏ ပုဂ္ဂလိကလုပ်ရပ်ဖြစ်သည်ဟု Salingyi Special Task Force(SSTF)က ဇူလိုင်လ ၁၀ရက်၌ ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးနေပြီး ထွက်ပြေးလွတ်မြောက်နေသော ရဲဘော်အချို့ကိုလည်းဖမ်းဆီးပြီး ထိရောက်သော ပြစ်ဒဏ်ပေးအပ်မည်ဟု အသိပေးခဲ့သည်။ အဆိုပါအမှုကို အပြည့်အ၀တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ပြီး MOD ဝန်ကြီးဌာန၏ စစ်ဆေးမှုများကိုလည်း ကျေနပ်စွာခံယူမည်ဟု SSTF က ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရသည့် ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူး ဇေယာဌေးသည် အသက် ၃၀ခန့်ရှိပြီဖြစ်သည်။ထိုအမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း လူမှုကွန်ရက်မှတဆင့် မကြာခဏ ပြောကြားထားသည်။
” တော်လှန်ရေးစတုန်းကတော့တော်တော်ကို တော်တဲ့သူ။ အဖွဲ့တွေကိုစုစည်းပြီးအကူအညီတွေပေးခဲ့တာ။ နောက်ပိုင်းတော့ သူ ဘာတွေဖြစ်သွားတယ်မသိဘူး။ မူးယစ်ဆေးမှုကို အခုလို အရေးယူတာ ကျတော်တို့က ကြိုဆိုတယ်။ တော်လှန်ရေးကာလမှာ တော် လှန်ရေးကို အာရုံစိုက်ရမယ်”ဟု ယင်းမာပင်ခရိုင်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။












































