▪︎စိစစ်ဆဲကျောင်းများကိုလည်း ထပ်မံထုတ်ပြန်ပေးမည်
▪︎ယခုကဲ့သို့ကြေညာလိုက်သဖြင့် အားသာချက်များရော၊အားနည်းချက်များပါရှိဟုသုံးသပ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီး ဌာနမှ ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကျောင်းသား၊ ကျောင်းသူများအတွက် ကြားကာလ ပြည်သူ့ပညာရေးကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားရေးကို အကောင်အထည်ဖော်လျက်ရှိရာ စိစစ်ပြီး ကျောင်းများစာရင်းအား ထုတ်ပြန်လိုက်သည်။
ဇန်နဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်ခဲ့သော အွန်လိုင်းအခြေပြု ပြည်သူ့ပညာရေးကျောင်းများတွင် ဖက်ဒရယ်ပညာရေးကျောင်းပေါင်း (၃၃)ကျောင်းပါဝင်သည်။

“ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁)ချက်နှင့် Information and Technology Security Guideline များကို လိုက်နာဆောင်ရွက်ပါမည်ဟုဝန်ခံကတိပြုထားသည့် အောက်ဖော်ပြပါ Online ကျောင်းများကို “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း” အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်သည်”ဟု ဖော်ပြသည်။
အဆိုပါ ဖက်ဒရယ်ပညာရေးကျောင်းများအနက် ဒေသကိုယ်စားပြု ပညာရေးကျောင်း (၂၅)ကျောင်းနှင့် သီးခြားအမည်နာမပေးထားသည့်ကျောင်း ရှစ်ကျောင်းရှိသည်ကို တွေ့ရသည်။
ဒေသကိုယ်စားပြုကျောင်းများတွင် ရန်ကုန်တိုင်းမှ Board of Bahan (BOB)၊ Home-Based Learning Hlaing Thayar Township Online Class၊ Thanlyin Home Based Learning School၊ Federal Education Of Yankin Online School နှင့် Interim Basic Education School(Thingangyun)တို့ ဖြစ် သည်။

အလားတူ မန္တလေးတိုင်းမှ Federal School of Aung Myay Thar Zan (FSOAZ)၊ Yadanabon Federal School၊ Kyaukpadaung Federal School နှင့် မန္တလေးဖက်ဒရယ်ကျောင်းတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ Sagaing Federal School တို့ပါဝင်သည်။
ထို့အပြင် မကွေးတိုင်းမှ ဖက်ဒရယ်ကျောင်းများအနက်Magway Federal School၊ ရေစကြိုဖက်ဒရယ်အထက်တန်းကျောင်း (Yesagyo Federal High School, YFHS)၊ Sinbaungwe Federal School & New Dawn Education (SBW & NDE)၊ Phan Khar Myay Federal School နှင့် Pakokku Federal School တို့ဖြစ်ကြောင်း ဖော်ပြသည်။
အလားတူ ဧရာဝတီတိုင်းမှ Free Online Education School Pathein (FOESP)၊ ပဲခူးတိုင်းမှ Free Interim Education Organisation Pyay (FIEOP)၊ Taungoo District Federal School – TDFS နှင့် (၂၅) Home Based Learning (Htantabin)တို့ ပါဝင်သည်ကိုတွေ့ရသည်။
တနသ်ာရီတိုင်းမှ ဖက်ဒရယ်ကျောင်းများတွင် Myeik Education Free Online School (MEFOS)၊ True Sunshine for Future Dawei School နှင့် Yephyu Education Family Online School (YEFOS)တို့ဖြစ်ပြီး နေပြည်တော်မှ NaypyiTaw Freedom Education (NFE)တို့ ဖြစ်သည်။
ပြည်နယ်များမှ ဖက်ဒရယ် ပညာရေးကျောင်းများတွင် ရှမ်းပြည်နယ်မှ Spring Education Taunggyi – SET၊ ကရင်ပြည်နယ်မှ ဘုရားသုံးဆူ ဖက်ဒရယ်ကျောင်းနှင့် မွန်ပြည်နယ်မှ Yarmanya Federal Education School (YFES)တို့ကို ဖော်ပြထား သည်။
သီးခြားအမည်နာမဖြင့် ဖက်ဒရယ်ကျောင်း ရှစ်ကျောင်းမှာ Essential Education Center (EEC)၊ Lighting For Future (LFF) Online School၊ Federal Democracy School၊ ACADEMY FEDERAL SCHOOL (ACFS)၊ New Myanmar Education (NME)၊ နွေဦးဖက်ဒရယ်အထက်တန်းကျောင်းနှင့် တံတားနီအခြေခံ ပညာမူလတန်းကျောင်းတို့ ပါဝင်သည်။
စိစစ်ဆဲ Online ကျောင်းများကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ထုတ်ပြန် ကြေညာပေးရေးကိစ္စများကို ဆောင်ရွက်လျက်ရှိပြီး မြေပြင်ပြည်သူ့ပညာရေးကျာင်းများအား အသိအမှတ်ပြုလက်မှတ်ပေးသွားမည်ဟု NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
“ခုလိုအတည်ပြုထုတ်ပြန်လိုက်တော့ ဘာတွေပိုကောင်းလာမလဲဆိုတော့ အားသာချက်ရှိသလို အားနည်းချက်လည်းရှိပါတယ်။ အားသာချက်ကတော့ ပြည်သူတွေယုံကြည်မှုရှိရှိနဲ့တက်လို့ရပါမယ်။ အခုလိုထုတ်ပြန်ခြင်းက တော်လှန်ရေးမှာ ကဏ္ဍစုံကပါဝင်နေကြတယ် NUG မှာ ဒီလိုကျောင်းတွေရှိတယ်ဆိုပြီး မိဘတွေကအစ သူတို့သားသမီးတွေရဲ့ ပညာရေးစိတ်မပူရတော့ဘူး။ အဲ့ဒါဆို CDM ပိုမိုအင်အားကောင်းလာမယ်လို့ယုံကြည်တယ်။ အစောကသာကျောင်းတွေများများဖွင့်လာရင် စကစကျောင်းမှာ ကျောင်းသားမရှိနိုင်ဘူး။ နောက်တချက်က ကျောင်းတွေက လုံခြုံရေးပေါက်ကြားမှုဖြစ်ရင် ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း NUG ကထိရောက်စွာ အရေးယူပေးလို့ရပါတယ်”ဟု New Myanmar Education ဖက်ဒရယ်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
ကျောင်းများအား အတည်ပြုထုတ်ပြန်လိုက်သည့်အ တွက် အားနည်းချက်အနေဖြင့်လည်း စစ်ကောင်စီဘက်ကပိုပြီးပစ်မှတ်ထားလာနိုင်သလို ဖမ်းဆီးမှုများလုပ်လာနိုင်သည်ဟုလည်း ၎င်းကဆက်သည်။
သို့သော် အခွင့်အလမ်းအနေနှင့် ကလေးများ ပညာသင်ယူခွင့် အာမခံချက်ပိုမိုရှိလာပြီး သင်ကြားသင်ယူမှုနည်း စနစ်များကောင်းမွန်သည့်အတွက် ကျောင်းသားလူငယ်များအဖို့ အခွင့်အရေးတစ်ရပ်ဖြစ်နိုင်ကြောင်း အထက်ပါ ကျောင်းတာဝန်ရှိသူက သုံးသပ်သည်။
