close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားမှာ အိုင်အက်စ် လက်နက်တိုက်ကို ပြင်သစ်နဲ့ ဗြိတိန် တိုက်လေယာဉ်တွေ ဖျက်ဆီး

ဆီးရီးယား နိုင်ငံမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ လက်နက်တိုက် တစ်ခုကို ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယား နိုင်ငံမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ လက်နက်တိုက် တစ်ခုကို ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းတုန်းက ပယ်လ်မိုင်ယာ မြို့နားမှာရှိတဲ့ စစ်ရေးပစ်မှတ် တစ်ခုကို အနောက်မဟာမိတ် နှစ်နိုင်ငံရဲ့ တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကတော့ အိုင်အက်စ် အနေနဲ့ အင်အားစုစည်းပြီး တကျော့ပြန် ခေါင်းထောင်မလာနိုင်စေဖို့ ဖြစ်တယ်လို့ ပြင်သစ်နဲ့ ဗြိတိန်တို့က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ အမေရိကန် ဦးဆောင်ပြီး အိုင်အက်စ်ကို နာလန်မထူနိုင်အောင် ဦးချိုးပစ်ဖို့ ရည်ရွယ်ထားတဲ့ Inherent Resolve စစ်ဆင်ရေးကြီးရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်တယ်လို့ ပြင်သစ် စစ်တပ်က ထုတ်ပြန်ပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မြေအောက်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံ တစ်ခုကို ပြင်သစ်နဲ့ ပူးပေါင်းပြီး ဗုံးကြဲ ဖျက်ဆီးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် တော်ဝင်လေတပ် တိုက်လေယာဉ်တွေဟာ ပြင်သစ်နဲ့ ပူးပေါင်းပြီး ဒေ့ရှ်ရဲ့ စစ်ရေးပစ်မှတ် တစ်ခုကို အောင်အောင်မြင်မြင် ချေမှုန်းနိုင်ခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။ ဒေ့ရှ် ဆိုတာဟာ အိုင်အက်စ်ကို အာရပ်မှာ ခေါ်ဝေါ်လေ့ရှိတဲ့ နာမည် ဖြစ်ပါတယ်။

ပစ်မှတ်ထား ဖျက်ဆီးခဲ့တဲ့ မြေအောက် အဆောက်အအုံကို ဒေ့ရှ်က ထိန်းချုပ်ထားပြီး လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ အများအပြား သိုလှောင်ထားဟန် ရှိကြောင်း၊ အဲဒီဧရိယာ တဝိုက်မှာ အရပ်သားတွေ နေထိုင်တာလည်း မရှိကြောင်း ဗြိတိန်က ထုတ်ပြန်ပါတယ်။

ပြင်သစ်စစ်တပ်က လူမှုကွန်ရက် မီဒီယာ Xမှာ အဲဒီ တိုက်ခိုက်မှုကို အတည်ပြု ဖော်ပြခဲ့ရာမှာတော့ ဒေ့ရှ်ရဲ့ ပြန်လည် အားကောင်းလာနိုင်ခြေကို တားဆီးရေးဟာ ဒေသတွင်း လုံခြုံရေး ကဏ္ဍမှာ အရေးအကြီးဆုံး လိုအပ်ချက် တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အိုင်အက်စ်ဟာ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ နယ်မြေ အများအပြားကို သိမ်းယူပြီး သမိုင်းတလျှောက် အင်အားအကြီးဆုံး အစွန်းရောက် အစ္စလာမ်မစ် ဂျီဟတ်ဒ် အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတကာရဲ့ ဝိုင်းဝန်း ဖြိုခွင်း တိုက်ခိုက်မှုတွေကြောင့် ထိန်းချုပ်နယ်မြေတွေ အားလုံးနီးပါးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၁၉ ကစလို့ ဆီးရီးယားမှာ အိုင်အက်စ်ရဲ့ ဩဇာက ချုပ်ငြိမ်းသွားပေမယ့် အသေးစား အကြမ်းဖက် ဆဲလ်တွေ ဖြန့်ကျက်ပြီး ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Times of Israel

ဆက်စပ်သတင်းများ