close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးမှာ အမေရိကန် Delta Forceတွေ အသေအပျောက် မရှိခဲ့

အမေရိကန်ရဲ့ အထူးကွန်မန်ဒို တပ်ဖွဲ့ Delta Forceက ဗင်နီဇွဲလားနိုင်ငံ ပိုင်နက်ထဲထိ ဝင်ရောက်ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးမှာ ထိခိုက်သေပျောက်မှု လုံးဝ မရှိခဲ့ဘူးလို့ သိရပါတယ်။

အမေရိကန်ရဲ့ အထူးကွန်မန်ဒို တပ်ဖွဲ့ Delta Forceက ဗင်နီဇွဲလားနိုင်ငံ ပိုင်နက်ထဲထိ ဝင်ရောက်ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးမှာ ထိခိုက်သေပျောက်မှု လုံးဝ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ မြို့တော် ကရာဆက်စ်ကို ပစ်မှတ်ထားတဲ့ အကြီးစား စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး သမ္မတ မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

စုစုပေါင်း ၃ နာရီလောက် ကြာမြင့်ခဲ့တဲ့ စစ်ဆင်ရေးမှာ အမေရိကန် တိုက်လေယာဉ်တွေက ကရာဆက်စ် မြို့ရဲ့ စစ်ရေးနဲ့ မဟာဗျူဟာ ပစ်မှတ်တွေကို နာရီဝက် နီးပါးအတွင်း ဖျက်ဆီးခဲ့ပြီး Delta Force တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတယ်လို့ ယုံကြည်ရတဲ့ ရဟတ်ယာဉ်တွေက ခပ်နိမ့်နိမ့် ပျံသန်းပြီး မြို့တော် လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြပါတယ်။

Delta Force ဆိုတာဟာ အမေရိကန် ရေတပ်ရဲ့ နာမည်ကျော် sealတွေလိုပဲ ကြည်းတပ်ရဲ့ အဆင့်အမြင့်ဆုံး ကွန်မန်ဒို ယူနစ်မျိုး ဖြစ်ပါတယ်။ Delta Force တပ်ဖွဲ့ဝင်တွေဟာ မာဒူရိုနဲ့ ဖလောရက်စ်ကို ဖမ်းဆီးပြီးတဲ့နောက် ဗင်နီဇွဲလား ပိုင်နက်ထဲကနေ ခပ်မြန်မြန် ပြန်လည် ထွက်ခွာနိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေး တစ်ခုလုံးမှာ အမေရိကန်ဖက်က ထိခိုက်သေပျောက်မှု လုံးဝ မရှိခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိ တစ်ယောက်က CBS သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Delta Forceဟာ ၂၀၁၉ တုန်းက အိုင်အက်စ် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီကို ဆီးရီးယားနိုင်ငံ ပိုင်နက်ထဲမှာ လုပ်ကြံခဲ့တဲ့ စစ်ဆင်ရေးမှာလည်း နာမည်ကျော်ခဲ့ဖူးပါတယ်။

မာဒူရိုနဲ့ ဇနီးတို့ကို အကြီးစား စစ်ဆင်ရေးတစ်ရပ်နဲ့အတူ ဖမ်းဆီးပြီး ဗင်နီဇွဲလားကနေ ခေါ်ထုတ်လာပြီ ဆိုတာကို ဇန်နဝါရီ ၃ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း လူမှုကွန်ရက် မီဒီယာပေါ်မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

New York Timesနဲ့ အင်တာဗျူးမှာတော့ ထရမ့်က အခုစစ်ဆင်ရေးဟာ အင်မတန် ထူးကဲကောင်းမွန်တဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ညွှန်းဆိုသွားခဲ့ပါတယ်။

အမေရိကန် တပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပက်ဒရီနိုက ကာကွယ်ရေး တပ်ဖွဲ့တွေကို အမြန်ဆုံး ဖြန့်ကျက်ပြီး အမေရိကန်ရဲ့ ကျူးကျော်မှုကို အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မာဒူရိုက Delta Force လက်ထဲကို ပါသွားနှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဗင်နီဇွဲလားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ရုရှားကတော့ အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ ရန်လိုကျူးကျော်တဲ့ လုပ်ရပ်တစ်ခုအဖြစ် စွပ်စွဲပြီး ရှုတ်ချခဲ့ပါတယ်။

မာဒူရိုကို နယူးယောက်မြို့မှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုသွားမယ်လို့ အမေရိကန် တရားရေး ဝန်ကြီးလည်းဖြစ်တဲ့ ရှေ့နေချုပ် ပမ်ဘွန်ဒီက အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် မာဒူရိုဟာ အမေရိကန်ကို ကိုကင်း မူးယစ်ဆေးဝါးတွေ တင်သွင်းမှု၊ အမေရိကန်ကို ထိခိုက်စေမယ့် စစ်လက်နက်တွေ စုဆောင်းမှုစတဲ့ စွပ်စွဲချက်တွေနဲ့ပါ ရင်ဆိုင်ရဖွယ် ရှိနေကြောင်း သိရပါတယ်။

ကိုးကား: Chosun

ဓာတ်ပုံ – Getty Images, The New York Times

ဆက်စပ်သတင်းများ