အာဏာသိမ်းခဲ့တာ မဟုတ်ဘဲ အာဏာထိန်းခဲ့တာသာ ဖြစ်တယ်လို့ မာဒါဂါစကာ စစ်တပ်ရဲ့ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
စီးပွားရေး ကျပ်တည်းမှု၊ ကာလရှည်ကြာ ဓာတ်အားပြတ်တောက်မှု၊ အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေကြောင့် ဗင်နီဇွဲလား သမ္မတ ရာဂျိုလီနာကို လူငယ်တွေ ဦးဆောင်တဲ့ လူထု အုံကြွ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီနောက် ရာဂျိုလီနာက ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ပေမယ့် စစ်တပ်က ငြင်းဆန်ပြီး ဆန္ဒပြ ပြည်သူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။
အကျိုးဆက်အဖြစ် ရာဂျိုလီနာရဲ့ အစိုးရ ပြုတ်ကျပြီး သမ္မတလည်း ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ရပါတယ်။ အဲဒီနောက် အခုသီတင်းပတ်မှာ လွှတ်တော်ကလွဲလို့ နိုင်ငံရဲ့ အာဏာ အရပ်ရပ်ကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒီရန်နီရီနာက မကြာခင်မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ကြားကာလ အုပ်ချုပ်ရေး ကောင်စီနဲ့အတူ နိုင်ငံကို အုပ်ချုပ်သွားမယ်လို့ ပြောပါတယ်။ အဲဒီ ကောင်စီကိုလည်း စစ်တပ်နဲ့ လုံခြုံရေးဆိုင်ရာ အရာရှိ အများစုနဲ့ ဖွဲ့စည်းသွားမှာပါ။ ရန်ဒီရန်နီရီနာကတော့ သူဟာ ၂ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
လူထု မလိုလားတဲ့ သမ္မတကို ဖြုတ်ချပြီး နိုင်ငံအာဏာကို ထိန်းချုပ်ခဲ့တာ ဖြစ်တဲ့တိုင် ဒီမိုကရေစီ နည်းလမ်းနဲ့ မညီညွတ်သလို စစ်တပ်က အာဏာကို ရယူလိုက်တာ ဖြစ်တာကြောင့် အာဏာသိမ်းမှုလို့ သတ်မှတ်ပြီး အာဖရိက သမဂ္ဂက မာဒါဂါစကာကို အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရန်ဒီရန်နီရီနာကတော့ မာဒါဂါစကာ စစ်တပ်ဟာ အာဏာသိမ်းခဲ့တာ မဟုတ်ဘဲ အာဏာထိန်းခဲ့ရုံသာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement
အသက် ၅၁ နှစ်အရွယ် ရန်ဒီရန်နီရီနာက မာဒါဂါစကာ လွှတ်တော်က သမ္မတ ရာဂျိုလီနာကို တရားဝင် စွပ်စွဲပြစ်တင် ရှုတ်ချဖို့ မဲခွဲ ဆုံးဖြတ်လိုက်တဲ့ အချိန်ကျမှ သူ့ရဲ့ စစ်တပ်က အလုပ်သင့်ဆုံး ကိစ္စကို လုပ်ခဲ့တာလို့ ဖြေရှင်းခဲ့ပါတယ်။
အာဏာသိမ်းတယ် ဆိုတာက သမ္မတအိမ်တော်လို နေရာထဲ စစ်သားတွေက သေနတ်တကားကားနဲ့ ဝင်လာပြီး ပစ်ကြခတ်ကြ၊ သွေးထွက်သံယိုတွေ ဖြစ်ကြတာမျိုးကို ဆိုလိုကြောင်း၊ မာဒါဂါစကာမှာ စစ်တပ်က အာဏာကို ထိန်းချုပ်ယူခဲ့တာဟာ အာဏာသိမ်းမှု မဟုတ်ကြောင်း သူက ပြောပါတယ်။
ရာဂျိုလီနာ ကိုယ်တိုင်လည်း ၂၀၀၉ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးမှာ သမ္မတ ဖြစ်လာခဲ့ပေမယ့် အခုကိစ္စမှာတော့ စစ်တပ်က သူ့ကို ကျောခိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
ရာဂျိုလီနာ အစိုးရ ပြုတ်ကျသွားတဲ့ အချိန်မှာတော့ မာဒါဂါစကာမှာ ဆန္ဒပြ ပြည်သူတွေက စစ်သားတွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေနောက်ပိုင်း အခြေအနေတွေက ပြန်လည် တည်ငြိမ်လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ မာဒါဂါစကာ တရားရုံးချုပ်က ရန်ဒီရန်နီရီနာကို သမ္မတအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
သူက မာဒါဂါစကာမှာ ၁၈ လကနေ ၂၄ လအတွင်း ရွေးကောက်ပွဲတွေ ပြန်လုပ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သလို ကြားကာလ အစိုးရကို ဦးဆောင်မယ့် ဝန်ကြီးချုပ်သစ်တစ်ဦး ခန့်အပ်နိုင်ရေး ဆွေးနွေးမှုတွေလည်း စတင်နေပြီလို့ ဆိုပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းကတော့ မာဒါဂါစကာက အခြေအနေဟာ စစ်အာဏာသိမ်းမှု တစ်ခုအဖြစ် ယူဆပြီး စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း မာဒါဂါစကာက အစိုးရ အပြောင်းအလဲဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်ကြောင်း ဝေဖန်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို တောင်းဆိုခဲ့ပါတယ်။
မာဒါဂါစကာနဲ့ ဆက်ဆံရေးကို ဆိုင်းငံ့ထားတဲ့ အာဖရိက သမဂ္ဂကလည်း ဒီကိစ္စကို စစ်အာဏာသိမ်းမှုလို့ပဲ သတ်မှတ်ပြီး အသေးစိတ် ဆွေးနွေးမှုတွေအတွက် ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အရင်က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ အာဖရိက နိုင်ငံတချို့မှာ ၂၀၂၀ နောက်ပိုင်း စစ်အာဏာသိမ်းမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ မာလီ၊ ဘာကီနာဖာဆို၊ နိုက်ဂျား၊ ဂါဘွန်နဲ့ ဂီနီယာတို့မှာ စစ်အာဏာသိမ်းမှုတွေအပြီး အခုတော့ မာဒါဂါစကာလည်း စစ်တပ် အုပ်စိုးမှုအောက် ကျရောက်သွားတာပါ။ ရန်ဒီရန်နီရီနာကတော့ သူက အာဏာသိမ်းခဲ့တာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။
ကိုးကား: NDTV



















































