ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ အမေရိကန် ပတ်စ်ပို့တ်ဟာ ထိပ်တန်း ၁၀ နေရာ အပြင်ဖက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကြုံတွေ့လာတာလို့လည်း သိရပါတယ်။
Henley ပတ်စ်ပို့တ် ညွှန်ကိန်း သုတေသန ရလဒ်တွေအရ အောက်တိုဘာ ၁၄ ရက်နေ့မှာ အမေရိကန် ပတ်စ်ပို့တ်ဟာ ဩဇာအကြီးဆုံး အဆင့် ၁၂ နေရာမှာသာ ရှိတော့တယ်လို့ သိရပါတယ်။ ဒါဟာ မလေးရှား ပတ်စ်ပို့တ်နဲ့ တူညီတဲ့ အဆင့်မှာ ပူးတွဲရပ်တည်မှုလည်း ဖြစ်လာပါတယ်။
နိုင်ငံတစ်ခုရဲ့ ပတ်စ်ပို့တ်တွေရဲ့ ဩဇာကြီးမားမှု ဆိုတာက ကိုင်ဆောင်သူတွေဟာ ဗီဇာမလိုဘဲ၊ ဒါမှမဟုတ် ဆိုက်ရောက်ဗီဇာ ချက်ချင်း ရရှိနိုင်တဲ့ အခြေအနေမျိုးနဲ့ ကမ္ဘာပေါ်က နိုင်ငံနဲ့ ဒေသပေါင်း ဘယ်နှခုဆီ ခရီးသွားနိုင်သလဲ ဆိုတာကို အခြေပြုပြီး တိုင်းတာထားတာပါ။
Hanleyက ကမ္ဘာတလွှားက နိုင်ငံနဲ့ နယ်မြေ ၂၂၇ ခုထဲ အမေရိကန် ပတ်စ်ပို့တ် ကိုင်ဆောင်ထားပြီး သွားလာလို့ရတဲ့ နေရာပေါင်း ၁၈၀ ရှိတယ်လို့ ဆိုပါတယ်။ စင်ကာပူကတော့ ဩဇာအကြီးဆုံး ပတ်စ်ပို့တ် ပိုင်ရှင်အဖြစ် စာရင်းရဲ့ထိပ်မှာ ဆက်လက် ဦးဆောင်နေပါတယ်။ စင်ကာပူ ပတ်စ်ပို့တ်ဟာ နိုင်ငံနဲ့ နယ်မြေ စုစုပေါင်း ၁၉၃ ခုကို ဗီဇာ ကြိုမလျှောက်ဘဲ အလွယ်တကူ သွားလာနိုင်ပါတယ်။ ဒုတိယ နေရာမှာတော့ ဗီဇာမလိုတဲ့ နေရာ ၁၉၀ ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား ပတ်စ်ပို့တ်၊ တတိယ နေရာမှာတော့ ၁၈၉ နေရာ ပိုင်ဆိုင်ထားတဲ့ ဂျပန် ပတ်စ်ပို့တ်တွေက အသီးသီး ရပ်တည်နေပါတယ်။

Public Service Announcement
တစ်နည်းအားဖြင့် ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေရဲ့ ထိပ်ဆုံး ၃ နေရာကို အာရှနိုင်ငံတွေက ကြီးစိုးထားတဲ့ အဓိပ္ပါယ်ပါပဲ။
အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တ်ပိုင်ရှင် နိုင်ငံအဖြစ် ၂၀၁၄ တုန်းက ရပ်တည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တောက်လျှောက် အဆင့်တွေ တအိအိ ကျဆင်းလာခဲ့ပြီး အခုတော့ Hanley ပတ်စ်ပို့တ် ညွှန်ကိန်းကို နှစ်အလိုက် စတင်ထုတ်ပြန်ချိန်နောက်ပိုင်း ပထမဆုံးအကြိမ် အဆင့် ၁၀ အပြင်ဖက်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
Hanleyရဲ့ အဆိုအရ အမေရိကန်ကို ဗီဇာမလိုဘဲ ပြည်ဝင်ခွင့် ရနိုင်တဲ့ ပတ်စ်ပို့တ်ကလည်း နိုင်ငံ ၄၄ ခုစာသာ ရှိပါတယ်။ ဒါကြောင့် အမေရိကန်ဟာ Henleyရဲ့ တံခါးဖွင့် ညွှန်ကိန်းစာရင်းမှာ အဆင့် ၇၇ ကနေ ရပ်တည်နေပါတယ်။
အမေရိကန် ပတ်စ်ပို့တ်ရဲ့ ဩဇာ ကျဆင်းမှုတွေဟာ ရိုးရိုးရှင်းရှင်း အပြောင်းအလဲ သက်သက် မဟုတ်ဘဲ ကမ္ဘာကြီးရဲ့ မူဝါဒရေးရာ အရွေ့တွေနဲ့ အနုနည်းသုံးပြီး ဩဇာဖြန့်ကျက် လွှမ်းမိုးမှု အခင်းအကျင်းတွေကိုပါ မြင်သာစေတယ်လို့ Hanleyက သုံးသပ်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်က ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာရော၊ တံခါးဖွင့် ညွှန်ကိန်းမှာပါ ၁၀ နှစ်အတွင်း သိသိသာသာ အဆင့်တက်လာပါတယ်။ ၂၀၁၅ တုန်းက တရုတ်ရဲ့ ပတ်စ်ပို့တ်ဟာ ဩဇာကြီးမားမှု အဆင့် ၉၄ နေရာမှာ ရှိခဲ့ပြီး အခုတော့ အဆင့် ၆၄ နေရာကို တက်လှမ်းလာခဲ့ပါတယ်။ နောက်ပြီး တရုတ်ဟာ နိုင်ငံပေါင်း ၇၆ ခုကိုလည်း ဗီဇာ ဖြေလျှော့ လွတ်လပ်ခွင့်တွေ ပေးထားကြောင်း သိရပါတယ်။
ကိုးကား: CNA
















































